
-
ကမ္ဘာပေါ်၌ လေယာဉ်တင်သင်္ဘောများကို အနောက်အုပ်စုတို့ အသုံးပြုမှုမတွင် ကျယ်သေးသည့်အချိန် ကပင် ဒုတိယ ကမ္ဘာ စစ်ကြီး ဖြစ်ပွားစဉ်က ပုလဲဆိပ်ကမ်းဗုံးကြဲမှုနှင့် တခြားသောစစ်ပွဲ ကြီးများ၌ လေယာဉ်တင် သင်္ဘော အသုံးပြုခဲ့သော်လည်း လက်ရှိအချိန်တွင် လေယာဉ် တင်သင်္ဘော မပိုင်ဆိုင်သေးသည့် နိုင်ငံဟူ၍ အာရှမှ ဂျပန်နိုင်ငံ တစ်နိုင်ငံ တည်းသာ ရှိသည်။
-
ဒုတိယ ကမ္ဘာစစ်အပြီး အမေရိကန်တို့၏ စစ်ပြီးဆုံးရေး စာချုပ်များဖြင့် ကိုယ်ပိုင် ကာကွယ်ရေး တပ်မတော်သာ ထားရှိ ရမည် ဆိုသည့် သဘောတူညီချက်အရ ဂျပန်တို့ စစ်အင်အားကို အလုံးစုံ စိတ်တိုင်းကျမတည် ဆောက်နိုင် သေးဘဲ ဖြစ်နေသော်လည်း ယခု အာဘေးအစိုးရလက်ထက်တွင် ဂျပန်ကိုယ် ပိုင်ကာကွယ်ရေး တပ်မတော်အင်အား အကောင်းဆုံး အချိန်တစ်ခုကို ရောက်ရှိ လာပြီဖြစ်သည်။ ထို့ပြင် သမိုင်းတွင်မည့် အင်အားဖြည့်တင်းမှု အနေဖြင့် လေယာဉ်တင် သင်္ဘော နှစ်စင်းကို ဂျပန်တို့ အင်အားဖြည့် တင်းဦးမည်ဖြစ်သည်။
-
လက်ရှိ ဂျပန်တို့ပိုင်ဆိုင်သည့် လေယာဉ်တင် သင်္ဘော အမျိုးအစားများမှာ ရဟတ်ယာဉ်တင်သင်္ဘော အမျိုးအစား များဖြစ်ပြီး တရုတ်၌ လျောင်နင်းဆိုသည့်ယူကရိန်း လေယာဉ်တင်သင်္ဘောရှိနေသော အချိန်တွင် ဂျပန်တို့ လေယာဉ်တင် သင်္ဘောများကို မဖြစ် မနေတည်ဆောက်ရမည့် အနေအထား ဖြစ်သည်။ ထို့ကြောင့် စစ်ရေးအင်အား စိတ် တိုင်းကျ လွတ်လပ်စွာတိုးချဲ့နိုင်ရေးအတွက် အာဘေးအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုပင် အာဏာ ကုန်သုံးပြီး ပြင်ဆင်ကာ ယခု အမေရိကန်တို့ မသိချင်ယောင် ဆောင်ပေးထားသည့် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေး တပ်မတော်က အရှိန်အဟုန် ကောင်းလာပြီ ဖြစ်သည်။ ဂျပန်စစ်အင်အားတိုးချဲ့ရန် အဓိက တွန်းအားများက တောင်တရုတ် ပင်လယ်ပြင်နှင့် အရှေ့တရုတ် ပင်လယ်ပြင်တွင် တရုတ်တို့ အင်အား အလွန်အကျွံအသုံးပြုမှု၊ ရုရှားနှင့် ရေပိုင်နက်အငြင်းပွားမှုပြဿနာများက ယခု အချိန်ထိ တင်းမာ နေဆဲဖြစ်သည်။
-
လက်ရှိ ဂျပန်ကိုယ်ပိုင် ကာကွယ်ရေး တပ်မတော်တွင် အသုံးပြုနေသည့်သင်္ဘော များသည် အကြီးဆုံးတန်ချိန် ၂၇ဝဝဝ ရှိ သည့် ရဟတ်ယာဉ်တင် သင်္ဘောများဖြစ်သည်။ ယခု ထိုအကြီးဆုံး JS Izumo နှင့် JS Kaga ဆိုသည့် လေယာဉ်တင် သင်္ဘော နှစ်စင်းကို ပြန်လည်ပြင်ဆင်ကာ ဂျပန် အစိုးရက ဂျက်တိုက်လေယာဉ်တင် သင်္ဘော များအဖြစ် အသွင် ပြောင်းလဲမည်ဖြစ်သည်။ ယင်းလေယာဉ်တင် သင်္ဘောများက တင်ဆောင်မည့် တိုက်လေယာဉ်များမှာ F35 B များဖြစ်သည်။ F35 အမျိုးအစား နောက်ဆုံး မျိုးဆက် တိုက်လေယာဉ်များမှာ တစ်စင်းလျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ကျော် တန်ဖိုး ရှိကာ ဂျပန်အစိုးရ က ၁ဝ နှစ်စီမံကိန်းဖြင့် ၄၂ စင်း ဝယ်ယူမည် ဖြစ်သည်။ ဂျပန်တို့က ၁ဝ နှစ်စီမံကိန်း အနက် ငါးနှစ်အတွင်း ပထမဆုံး စစ်အသုံးစရိတ် ဘတ်ဂျက်ကို ၂၈၂ ဒသမ ၄ ဘီလီယံ သတ်မှတ်ထားကာ ဆိုက်ဘာ ကာကွယ်ရေးနှင့် ကုန်းရေလေ စစ်ဘက် စီမံကိန်းများစွာ ပါဝင်မည်ဖြစ်သည်။
-
၂ဝ၁၈ ခုနှစ်က ဂျပန်တို့အတွက် စစ်ရေးချဲ့ထွင်မှု အင်အား အကောင်းဆုံး နှစ်တစ်နှစ်အဖြစ် သတ်မှတ် နိုင်ကာ လေးကြိမ် မြောက် စစ်အသုံးစရိတ် ကိုလည်း တိုးမြှင့်နိုင်သည်။ ထို့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ပြင်ဆင်နိုင်ခဲ့ပြီး အာဖရိ က အထိပင် အကြမ်းဖက် နှိမ်နင်းရေးအတွက် တပ်ဖွဲ့များကို စေလွှတ်ခဲ့သည်။ ထို့ကြောင့် ဂျပန်ကိုယ်ပိုင် ကာကွယ်ရေး တပ်မတော်၏ ပြည်ပသို့ စစ်ရေးအရအကူ အညီမပေးရဆိုသည့် ထိန်းချုပ် ထား ချက်လည်း ပျက်ပျယ်သွားပြီဖြစ်ကာ လာမည့် ၁ဝ စုနှစ် တစ်စုအတွင်း ဂျပန်ရေပိုင်နက်နှင့် နိုင်ငံတကာ ရေပိုင်နက် ၌ ဂျပန်လေယာဉ် တင်သင်္ဘော တို့ကို မြင်တွေ့ရမည်ဖြစ်သည်။ အမေရိကန်၏ အာရှပစိ ဖိတ်ရေးရာ ဒါရိုက် တာဟောင်း ကားလ်ချက်စ်တာက ဂျပန် လေယာဉ်တင်သင်္ဘောများက ရဟတ်ယာဉ် တင်သင်္ဘောများကို ပြန်လည် ပြင်ဆင်ထားပြီး အမေရိကန်တို့၏ လေယာဉ်တင်သင်္ဘော တို့ထက် သေးငယ်မည်ဖြစ်ကာ လေယာဉ် တင်ဆောင်နိုင်မှု ပမာဏမှာ နည်းပါးမည် ဖြစ်သည်။
-
လက်ရှိ တရုတ်တို့၏ လေယာဉ်တင် သင်္ဘော လျောင်နင်းသည် တန် ၅၈ဝဝဝ အထိရှိပြီး အမေရိကန်တို့ အသုံးပြု နေသည့် လေယာဉ်တင်သင်္ဘောများမှာ တန် ၉ဝဝဝဝ အထိရှိသည်။ ထို့ကြောင့် တရုတ်၊ အမေရိ ကန်တို့နှင့်နှိုင်း ယှဉ်လျှင် သေးငယ်သည်ဟု ဆိုနိုင်ကာ အနည်းဆုံး ဂျက်တိုက်လေယာဉ် အစင်း ၂ဝ တင်ဆောင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် နှစ်စင်းစာအတွက် ဂျပန်တို့ F35B ၄၂ စင်းသာ ဝယ်ယူခြင်းဖြစ်ကာ နောက်ထပ် စစ်ရေး စီမံကိန်းများစွာ ဂျပန် တို့တွင် ရှိနေနိုင်သည်။ ဂျပန်တို့က လက်ရှိပြင်ဆင်မည့် ရဟတ်ယာဉ်တင် သင်္ဘောများကို ဂျက်တိုက်လေယာဉ်တင် သင်္ဘောများအဖြစ် ပုံစံ ပြောင်းလဲရန် ကနဦးကပင် ဆန္ဒရှိနေပုံရသည်။ ထို့ကြောင့် အမေရိကန်ဒေါ်လာဘီလီယံ နှင့်ချီ အကုန်အကျခံ တည်ဆောက် ထားကာ မပြင်ဆင်ဘဲနှင့်ပင် လက်ရှိရဟတ်ယာဉ်တင် သင်္ဘောများမှာ ဂျက်တိုက် လေယာဉ်များ ဆင်းသက်၍ ရသည်ဟု စစ်ရေး သုတေသီများ ကဆိုသည်။ ထို့ကြောင့် ရဟတ်ယာဉ်တင် သင်္ဘောများကိုပြင်ဆင်ပြီး ဂျက်တိုက်လေယာဉ် အဖြစ် အသွင်ပြောင်းမည့် အချိန်က တခြား သူများ ထင်မှတ်ထားသည့် အချိန်ထက် ပိုမိုစောစွာ ပြီးစီးနိုင်ကာ တောင်တရုတ်ပင်လယ်ပြင်နှင့် အရှေ့တရုတ် ပင်လယ်ပြင်တွင် ဂျပန်လေ ယာဉ်တင်သင်္ဘောများ လျင်မြန်စွာ ခြေဆန့် လာနိုင်သည်။
-
ထို့ပြင် အမေရိကန်နှင့် လက်ရှိပြု လုပ်နေသည့် လုံခြုံရေးဆိုင်ရာ ပင်လယ်ပြင်ကင်းလှည့်ရာတွင် ဂျပန်တို့ ယင်းလေယာဉ်တင် သင်္ဘော များကို အသုံး ပြုရန် ရည်ရွယ် ထားပုံရှိပြီး အထူးသဖြင့် တောင်တရုတ် ပင်လယ်ပြင်ကို ကင်းလှည့်ရန် ဖြစ်သည်။ လက်ရှိ ဂျပန်က စီးပွားရေးအရ ကမ္ဘာ့ အဆင့်(၃)တွင် ရပ်တည်နေပြီး စစ်အသုံး စရိတ်က အမေရိကန်ဒေါ်လာ ၄၇ ဘီလီယံ ကျော်ဖြင့် အိန္ဒိယ၏ နောက်တွင်သာရှိနေ သည်။ ၂ဝ၁၉ ခုနှစ်အတွက် စစ်အသုံး စရိတ်ကလည်း ထပ်မံမြင့် တက် လာရန်ရှိပြီး တိုးကောက်သည့်အခွန်များက စစ်အသုံး စရိတ်နှင့်လည်း သွယ်ဝိုက် သက်ဆိုင်နေသည်။ ထို့ကြောင့် လာမည့်ဆယ်စုနှစ်တစ်စု အတွင်း ဂျပန်စစ်ရေးအဆင့်က ကမ္ဘာ့အဆင့် (၁) မှ (၅) ထဲဝင်လာမည်ဖြစ်ကာ တဖြည်း ဖြည်း တိုးလာသည့် စစ်အသုံးစရိတ် ကလည်း နှစ်စဉ် မြင့်တက်လာသည်။
-
ထိုကြားထဲ အမြဲတမ်း ဂျပန်နိုင်ငံကို ကျော်ပြီး ဒုံးကျည် စမ်းသပ်တတ်သည့် မြောက်ကိုရီးယားကလည်း တစ်ဖက်တွင် ရှိနေသေးသည်။ လက်ရှိတွင် မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား အဆင်ပြေနေပြီး ဒုံးအခြေစိုက် စခန်းများ အဆင့်မြှင့် တင်နေသည်ဆိုသော်လည်း ဒုံးကျည် စမ်းသပ်မှုကို တစ်ကြိမ်မှ မပြုလုပ်သေးပေ။ ထို့ကြောင့် ဒုတိယ ကမ္ဘာစစ်ပြီး နောက်ပိုင်း လေယာဉ်တင်သင်္ဘောကို ဂျပန်တို့ ပထမ ဆုံးအကြိမ်အဖြစ် အသုံးပြုရန် စီစဉ်နေခြင်း ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
-
ရှိန်းထက်
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment