Pages

Tuesday, October 16, 2018

နိုင်ငံတော် အစိုးရနှင့် (NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများမှ ခေါင်း ဆောင်များ သီးသန့် အစည်းအဝေး ကျင်းပ

နိုင်ငံတော် အစိုးရနှင့် (NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများမှ ခေါင်း ဆောင်များ သီးသန့် အစည်းအဝေး ကျင်းပ
-
နေပြည်တော်    အောက်တိုဘာ    ၁၅
-
နိုင်ငံတော် အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုး ထားသည့်  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှခေါင်းဆောင်များ သီးသန့်အစည်းအဝေးကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ကျင်းပရာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ အမှာစကား ပြောကြား သည်။
-
သီးသန့် အစည်းအဝေးသို့  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊  ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦး၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည် ညွန့်၊ အစိုးရနှင့် တပ်မ တော်တို့မှ တာဝန်ရှိသူများ၊ ကေအဲန်ယူ- ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ   စောမူတူး စေးဖိုး၊ ဒုတိယ ဥက္ကဋ္ဌ  ပဒိုစောကွယ်ထူးဝင်း၊ ရှမ်းပြည်ပြန် လည် ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဦးရွက်ဆစ်၊ အတွင်း ရေးမှူး ဦးစိုင်းငင်း၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နာယက ခွန်ဥက္ကာ၊ ဒုတိယ ဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊  ချင်းအမျိုးသား တပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး၊ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ လျန်မှုန်းဆာခေါင်း၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ ဗဟိုကော်မတီဝင် စောမြရာဇာလင်း၊ မြန်မာ နိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ် တပ်ဦး (ABSDF) ဥက္ကဋ္ဌ ဦးသံခဲ၊ ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဝင်း၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) ဥက္ကဋ္ဌ စောမိုရှေး၊ ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုး သား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) အတွင်းရေး မှူး ဒေါက်တာနော်ကပေါ်ထူး၊ မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာ၊  ဗဟို ကော်မတီဝင် နိုင်အောင်မငေး၊   လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) ဥက္ကဋ္ဌ ကြာခွန်ဆာ၊ အတွင်းရေးမှူး ကြာဆော်လမွန်၊ NCA လက်မှတ်ရေး ထိုးထား သည့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
-

-
သီးသန့် အစည်းအဝေးတွင်  အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာနဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင် ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြော ကြားသည်။
-
(နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမှာစကားကို စာမျက်နှာ ၁၂ နှင့် ၁၃ တို့တွင်  သီးခြား ဖော်ပြထားပါသည်။)
-
ထို့နောက်   တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားသည်။
-
(တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏  အမှာစကား ကို စာမျက်နှာ ၁၆ နှင့် ၁၇ တို့တွင် သီးခြား ဖော်ပြထားပါသည်။)
-
ဆက်လက်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်  (NCA) လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကိုယ်စား ကေအဲန်ယူ- ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူ တူး စေးဖိုးက အမှာ စကား ပြောကြားရာတွင်  ''အခုလို တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း (၃)နှစ်ပြည့် အခမ်းအနားနဲ့ ပထမအကြိမ် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော တွေ့ဆုံပွဲမှာ NCA စာချုပ်ကို လက်မှတ်ရေး ထိုးကြ သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စား အဖွင့်မိန့်ခွန်း ပြောကြားခွင့် ရရှိတဲ့အတွက် များစွာ ဂုဏ်ယူကြောင်း ပြောကြားလိုပါတယ်။ အားလုံးကို မင်္ဂလာပါ လို့လည်း နှုတ်ခွန်းဆက်သ အပ်ပါတယ်။
-
တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ဟာ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးကိစ္စ တစ်ခု တည်း နဲ့သာ သက်ဆိုင်တဲ့ စာချုပ်မဟုတ်ပါဘူး။ ဒီပြည်ထောင်စုကြီးကို ဘယ်လိုပြန်လည် ထူထောင်ကြမလဲ ဆိုတဲ့ ဘုံနိုင်ငံရေး မျှော်မှန်း ချက်လည်း ပါရှိပါတယ်။
-
ငြိမ်းချမ်းရေးကို တည်ဆောက်ပြီး ပြည်ထောင်စုကြီးကို ဘယ်လိုပြန်လည် ထူထောင်ကြမလဲဆိုတဲ့ ဘုံနိုင်ငံရေး ရည်မှန်းချက်ကြီးကို NCA စာချုပ် အခန်း(၁)မှာ ပါတဲ့ အခြေခံမူမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။
-
အထူးသဖြင့် NCA စာချုပ် အခန်း(၁)၊ အခြေခံမူ (၁)မှာ ကျွန်တော်တို့ အားလုံးရဲ့ဘုံနိုင်ငံရေး ရည်မှန်းချက် (၄)ခုကို ဖော်ပြထား ပါတယ်။
-
NCA စာချုပ်မှာပါတဲ့ ဘုံနိုင်ငံရေးရည် မှန်းချက်(၁)ကတော့- ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အား ပြည်ထောင် စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တို့ကို ရှေးရှု၍ ... ဆိုတဲ့ ဒို့တာဝန် အရေး သုံးပါးပဲ ဖြစ်ပါတယ်။
-
ဒါဟာ တပ်မတော်နှင့် အစိုးရတို့ဘက်က တင်ပြတဲ့ ဘုံနိုင်ငံရေး ရည်မှန်းချက်ပဲ ဖြစ်ပါတယ်။
-
NCA စာချုပ်မှာပါတဲ့ ဘုံနိုင်ငံရေးရည် မှန်းချက်(၂)ကတော့-လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုတို့ဆိုတဲ့ လောကပါလ တရားပဲဖြစ်ပါတယ်။ လောကပါလတရား မပါဘဲ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းနှင့် တရားမျှတခြင်း တို့ကို အခြေခံတဲ့ လူ့အဖွဲ့ အစည်းကို ထူထောင်လို့မရပါဘူး။ ဒါကြောင့်လောကပါလတရားဟာ ကျွန်တော်တို့အားလုံး လိုလားတဲ့ ဘုံနိုင်ငံရေး ရည်မှန်းချက်ဖြစ်ပါတယ်။
-
NCA စာချုပ်မှာပါတဲ့ ဘုံနိုင်ငံရေးရည် မှန်းချက်(၃)ကတော့-ပင်လုံစိတ်ဓာတ်ဖြစ်ပါတယ်။ ပင်လုံစာချုပ်အရ ဒီပြည် ထောင်စု ကြီးကို ထူထောင်ခဲ့ပါတယ်။ ထိုနည်းတူ ပင်လုံစိတ်ဓာတ်ကို အခြေခံပြီး ငြိမ်းချမ်းရေးကို ပြန်လည် တည်ဆောက် ရမှာဖြစ်ပါတယ်။
-
ငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်ဖို့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက် ရမှာဖြစ်ပါ တယ်။ ဒါကြောင့် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်တို့ကိုအခြေခံသော ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ဖို့ နိုင် ငံရေး ဆွေးနွေးပွဲများကို ကျင်းပပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ အစည်း အဝေးများကို ကျင်းပ နေခြင်းဖြစ်ပါတယ်။
-
NCA စာချုပ်မှာပါတဲ့ ဘုံနိုင်ငံရေးရည် မှန်းချက်(၄)ကတော့ - ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝ ရရှိရေးပဲဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့တိုင်းရင်းသား လူမျိုးများ နှစ်ပေါင်း ၇ဝ ကျော်တောင်း ဆိုတဲ့ တောင်းဆိုချက်များဖြစ်ပါတယ်။
-
ဒီနိုင်ငံရေး ဘုံရည်မှန်းချက်(၄)ခုကို ပေါင်းစပ်ပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားကြမယ်လို့ NCA စာချုပ်မှာ လက်မှတ် ရေးထိုး သဘောတူ ထားခဲ့ကြတယ်။ NCA စာချုပ်မှာ ပါတဲ့အတိုင်း နိုင်ငံရေးဘုံရည်မှန်း ချက်များကို အကောင်အထည်ဖော်တဲ့ အခါ ကျွန်တော်တို့ အခက်အခဲနဲ့ ကြုံတွေ့ရပါတယ်။ တချို့က တစ်ဆို့မှုလို့ ခေါ်ကြတယ်။
-
ဒီနေ့ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်မှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အဓိကတစ်ဆို့မှုဖြစ်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ခွဲမထွက်ရ ဆိုတဲ့ အမြင်ပေါ်မှာ ကျွန်တော်တို့တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ၊ အစိုးရနဲ့ တပ်မတော် တို့ကြားမှာ အမြင် ကွာဟချက်များ ရှိနေပါတယ်။ ဒါကို အားလုံးလက်တွေ့ ကျကျရင်ဆိုင် ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ ဒါဟာ နိုင်ငံရေးပိုင်း ဆိုင်ရာဖြစ်သလို ကျွန်တော်တို့ အားလုံး မျှော်မှန်းနေတဲ့ အနာဂတ် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနဲ့ တိုက်ရိုက် ပတ်သက်ပါတယ်။
-
နိုင်ငံရေး ဆွေးနွေးပွဲတွေက တစ်ဆင့် တိုင်းပြည်အတွက်လိုအပ်တဲ့ ဖက်ဒရယ် အခြေခံမူတွေကို ရှာဖွေကြရာမှာ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လူနည်းစု အခွင့်အရေး၊ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး၊ အာဏာ ခွဲဝေရေး ဆိုတာတွေ အပေါ် အဓိကအခြေခံတဲ့ ဖက်ဒရယ်နဲ့ တိုက်ရိုက် ပတ်သက်တဲ့ မူသဘောတွေကို ရှာဖွေ ဖော်ထုတ်ဖို့ လိုအပ်ပါတယ်။
-
ဒါကြောင့် ဖက်ဒရယ်မူကို ရှာဖွေတဲ့နေရာမှာ ခွဲထွက်ရေး၊ ခွဲမထွက်ရေးဆိုတဲ့ ကိစ္စမျိုးနဲ့ ဆက်စပ်ထားစရာ မလိုပါဘူး။ စိုးရိမ်စိတ် ရှိမယ်ဆိုရင်လည်း ကျွန်တော်တို့လိုချင်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟာ ဘယ်လိုမျိုးအခွင့် အရေးလဲဆိုတာကို တင်ပြ ချင်ပါတယ်။
-
ကျွန်တော်တို့ တောင်းဆိုတဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်က ပြည်ထောင်စု တစ်ခုအတွင်းမှာရှိတဲ့ ပြည်နယ်များက ကျင့်သုံးရမယ့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မျိုးဖြစ်တယ်။ ဒါကို ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခြင်းဖြင့် ကျင့်သုံး ရမှာဖြစ်ပါတယ်။ ကျွန်တော် တို့ တောင်းဆိုနေတဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာ ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြဋ္ဌာန်းချက်နဲ့ သဟဇာတရှိရှိ ရေးဆွဲပြဋ္ဌာန်း ရမှာဖြစ်ပြီး တစ်ဆက်တည်းမှာလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းနိုင်တဲ့ ယန္တရားလည်း ပါရှိနေမှာဖြစ်ပါတယ်။
-
ကျွန်တော်တို့ နိုင်ငံမှာ လွတ်လပ်ရေးရပြီး ကတည်းက ဖြစ်ပွားနေတဲ့ နှစ်ပေါင်း ၇ဝကျော် လက်နက်ကိုင် ပဋိပက္ခ တွေဟာ ရပ်တန့် သင့်ပါပြီ။ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခများ ရပ်တန့်နိုင်အောင် ကြိုးပမ်းကြပါစို့။
-
NCA လက်မှတ် မရေးထိုးနိုင်သေးတဲ့ အဖွဲ့အစည်းများ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လာနိုင်ရေးကိုလည်း အလေးထား ဆက်လက် ဆောင်ရွက်ကြပါစို့။
-
ငြိမ်းချမ်း သာယာ ဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်မယ့် အနာဂတ် မျိုးဆက်သစ်များ အတွက် ကျွန်တော်တို့ကြားမှာ အတူတကွ လက်တွဲ လျှောက်လှမ်းနိုင်မယ့်၊ အားလုံးလိုက် ပါနိုင် မယ့် နည်းလမ်းတွေကို ရှာဖွေဖော်ထုတ် ကြပါစို့လို့ တိုက်တွန်းလိုပါတယ်'' ဟု ပြောကြားသည်။
-
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)နှင့် တာဝန်ရှိသူများသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ နှင့်အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး အစည်း အဝေး ကို ခေတ္တ ရပ်နားသည်။
-
မွန်းလွဲပိုင်းတွင် နိုင်ငံတော် အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း များမှ ခေါင်းဆောင်များ သီးသန့် အစည်းအဝေး ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ အကျိုးဆောင်များ အဖြစ် ကေအဲန်ယူ - ကရင် အမျိုးသား အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းနှင့် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးတို့က ဆောင်ရွက်ကြသည်။
-
အစည်းအဝေး၌ ၂ဝ၁၈ ခုနှစ်တွင် (၂၁) ရာစုပင်လုံညီလာခံ(၁)ကြိမ်၊ ၂ဝ၁၉ ခုနှစ်တွင် ပင်လုံညီလာခံ(၂)ကြိမ် ကျင်းပမည်ဖြစ်ပြီး ယင်းပင်လုံညီလာခံ (၃)ကြိမ်မှ ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ရရှိအောင် ဆောင်ရွက် မည့် အချိန်ဇယားနှင့် လုပ်ငန်း အစီအစဉ်များ၊ လက်ရှိနိုင်ငံရေးဆွေးနွေးမှု ပုံစံကို ပိုမိုရှင်းလင်းလွယ် ကူအောင် ဆောင် ရွက်ရေးကိစ္စရပ်များ၊ နိုင်ငံရေးဆွေးနွေးမှုတွင် ခေါင်းဆောင်များအကြား သဘောတူညီချက် ရရှိပြီး ဆက်လက်ဆောင်ရွက်မည့်ပုံစံကျင့်သုံးမည့် ကိစ္စရပ်များ၊ NCA လက်မှတ်မရေးထိုး ရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများအားလုံး ပါဝင်အောင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။
-

-
အစည်းအဝေးကို အောက်တိုဘာ ၁၆ ရက်(ယနေ့)တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး နိုင်ငံရေးဆွေးနွေးပွဲများတွင် သဘော တူညီချက် ရရှိရန် လိုအပ်နေသည့် ကိစ္စရပ်များဖြစ်သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခွဲမထွက်ရ ကိစ္စ၊ တစ်ခု တည်းသော တပ်မတော် ထားရှိရေးမူ ချမှတ်နိုင်ရေး ကိစ္စရပ်များနှင့် အထွေထွေ ကိစ္စရပ်များကို ဆွေးနွေးကြ မည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment