Pages

Thursday, October 11, 2018

အားနည်းချို့ယွင်းချက်ကို ပြု ပြင်ရာဝယ်


စာရေးသူတို့ မျိုးဆက်သစ် လူငယ်ဘဝ ရသစာပေကို စွဲလမ်းနှစ်ခြိုက် တရှိုက်မက်မက် ဖတ်ရှုရာတွင် ကဗျာ ဝတ္ထု အစုစု အမြင် သုတ၊ ရသစုံလင် လောကအမြင် စာစုတွေများစွာ သက်ဝင်ခဲ့သည်။ သမိုင်းနောက်ခံ 
ဂန္ထဝင် ဝတ္ထုများလည်း ထင်ဟပ် ပေါ်လွင်အရိပ် ထင်စွာတွေ့ရ၏။ အကျိုးပွား  အသိအမြင်တိုးကာ အတွေးပြောင်းလဲသည် အထိဖြစ်ရ၏။ မှတ်မှတ်သားသား စာအုပ်တွေက အတော်ပင်များသည်ဟု ဆိုချင်၏။ ယင်းတို့တွင် သမိုင်းနောက်ခံ ဂန္ထဝင်မြောက်သည်ဟု အသိအမှတ်ပြုသော ဝတ္ထုရှည်ကြီး ပါဝင်သည်။ နာမည်ကျော် စာရေးဆရာကြီး၏ လက်ရာဖြစ်ပြီး သူသည်နိုင်ငံရေး လောကတွင်လည်း ထင်ရှားသူ ဖြစ်လေရာ အမျိုးသားရေးအတွက်ပါသိမှတ်စရာတွေ ဖြစ်ရုံမက ရသစာပေအဖွဲ့အဖြစ် နိုင်ငံတော်က ဆုချီးမြှင့်ခြင်း ခံရပေသည်။
-
ခိုင်မာသော ဖြစ်ရပ်မှန် အကြောင်းအရာကို ကျောထောက်နောက်ခံ ပြုထားရာ စာရေးဆရာကြီးက ၎င်း၏ ဝတ္ထုအဦး အစအခန်းတွင် သူ၏ဇာတ်ကောင်သည် မပြည့်မစုံသော လူတစ်ယောက်၊ ချို့ယွင်းချက်ပေါင်း
များစွာ ပြည့်နေသော ဇာတ်ကောင်၊ လောကကြီးတွင် နိုင်ငံရေးနှင့် လူမှုနယ်ပယ်၌ မတည်ငြိမ် မခိုင်မာမီ အတွေ့အကြုံ နုနယ်သည့်အလျောက် အမှားအယွင်း ရှိသည်ဟု ဖော်ပြသည်။ ဘဝ၏ ရင့်ကျက်သည် အထိ ဆွဲဆောင်ကောက်ချက်ချ လက်စွမ်းပြ ဝတ္ထုဖြစ်၏။ သူ၏ ဇာတ်လိုက်သည် မပြည့်စုံသော Inpect Person ဟုဆိုလေသည်။ 
-
လောကကြီးတွင် ပြည့်စုံသူတစ်ဦးမျှ မရှိ လေ့ကျင့် ပျိုးထောင်မှုများစွာ ပြည့်စုံအောင် ကြိုးပမ်းရခြင်း ဖြစ်၏။ လောက ဇာတ်ခုံလည်း ဖြစ်လေသည်။ သဘာဝကျပါ၏။ ချို့ယွင်း အားနည်းချက်များစွာ ပြည့်နှက်သော စာရေးသူ၏ ဘဝကို မီးမောင်း ထိုးပြခြင်းနှင့် တူပေရာ ထွက်ပေါက်ရှာအဖြေညှိအဆင့် မြင့်အောင် အားထုတ်ရမှုတွေ များစွာကြုံခဲ့ရကြောင်း ဝန်ခံချင်ပေသည်။ စာပေလောကတွင် Perfector of inperfection ဟူသော စကားရပ်တွေ့ဖူး၏။ လူတိုင်းသည် ပြည့်စုံခြင်းမရှိ၊ မပြည့်စုံခြင်း၏ ပြည့်စုံသူတွေသာ ဖြစ်၏။ ထိုအခြေအနေမှ ဘဝကိုဖြတ်သန်း တည်ဆောက်ရခြင်း ဖြစ်လေသည်။
-
ထိုစာတန်းလေးကို အကြောင်းပြု၍ နိုင်ငံရပ်ခြား ဟာသ တစ်ခုရှိ၏။ စာရေးသူဟော ပြောပွဲအချို့၌ ဖောက်သည်ချ ဖူး၏။ ဟာသအမြင် ဖြစ်သော်လည်း ဒဿန ပါဝင်သည်ဟု ထင်မိ၏။ အကြောင်းအရာမှာ လူတစ်ယောက်က ပြောလေသည်။ ''ကျွန်တော်တို့ ယောက်ျားတွေဟာ အိမ်ထောင် မပြုမချင်း ဘဝက မပြည့်စုံဘူး''ဟု ပြော၏။ ထိုအခါ အနီးရှိလူက ''အိမ်ထောင် ပြုပြီးတော့ကော''ဟုမေးလေသည်။ ထိုအခါကျမှ မူလစကား ပြောသူက အိမ်ထောင် ပြုတော့လည်း ဘဝက ဆုံးသွားတာပေါ့ဟု ဆိုလေသည်။ ပြည့်စုံခြင်း မပြည့်စုံခြင်း၏ လောကသရုပ် ရှုထောင့်တစ်ခုပင်။ နှစ်ခြိုက်မိသလို ဖြစ်မိသေး၏။ လူတိုင်းအလိုရှိသော ပြည့်စုံသော ဘဝမရသည့်တိုင် အားနည်း ချို့ယွင်းချက်ကို ပြုပြင်မွမ်းမံ ဖြည့်ဆည်း ဖုံးဖိကြရမည်ဟု ယူဆပေသည်။ ရောက်ဆဲကာလ လူမှုဘဝတွင် ကျင့်သုံးလေ့ရှိသော စရိုက်များတွင် သူတစ်ပါး၏ အားနည်းချက်ကို သိအောင်လုပ်ပြီး အမြတ် ထုတ်ခြင်း၊ အသုံးချခြင်း ဖြစ်၏။ မိမိ၏ အားနည်း ချို့ယွင်းမှုကို လျှို့ဝှက်ကာ ဟန်ကိုယ့်ဖို့ပြုလေ့ ရှိခြင်းဖြစ်၏။ ပုံစံအားဖြင့် သူတစ်ပါး၏ အားနာတတ်မှုကို အခွင့်ကောင်းပမာ အသုံးချ ခြင်းမျိုးဖြစ်၏။ မိမိ၏ ကိုယ်ခန္ဓာနှင့် စိတ်ဓာတ် ချို့ယွင်းချက်ကျတော့ လူမသိ သူမမြင်အောင် ဖုံးကွယ်ကာ ခြောက်ပြစ်ကင်း သဲလဲစင်ပမာ ပြည့်စုံဟန် ဆက်ဆံတတ်ခြင်း ဖြစ်၏။ သတိမူလျှင် ဂူမြင်နိုင်သည့် သာဓကတွေ ပတ်ဝန်းကျင်၌ ရှိပြီး မြင်တွေ့ပြီး ဖြစ်မည်။
-
တကယ်တော့ဘဝ၏ အတွေ့အကြုံတွေထဲမှ အားသာချက်ကို ဆုပ်ကိုင်၊ အားနည်းချက်ကို သင်ခန်းစာယူအင်အားအဖြစ် အသုံးချရမည့် တာဝန်သာရှိပေသည်။ မိမိနှင့် ဝန်းကျင်ချို့ယွင်းချက် များစွာကို ပြုပြင်ဖြည့်
ဆည်းရမည့် သဘာဝလည်းရှိ၏။ ရိုးသားမှုလည်း လိုပေသည်။ ဟန်ဆောင်သော ပြုပြင်မွမ်းမံ လုပ်ကိုင်မှုက တစ်နည်းမဟုတ် တစ်နည်း ပေါ်လွင်နိုင်ပေသည်။ လူ့သဘာဝသည် ဆန်းကြယ်၏။ မရှိကို အရှိ၊ အရှိကို မရှိ မှတ်ယူချင်သည်။ ချို့ယွင်း အားနည်းချက်ကို ဖုံးဖိလိုသည်။ ပကတိ အရှိအတိုင်း လက်မခံချင်တတ်။ ကျေးလက်ဟာသ ကလေးတစ်ခုရှိ၏။ ကာလအရှည်အကြာ ကျေးလက်ဒေသများတွင် အလင်းရောင်အတွက် လျှပ်စစ်မီးမရှိ၊ ရေနံဆီ မီးခွက်သုံးရသည်။ ညဘက် တစ်နေရာမှ တစ်နေရာသို့ သွားရာတွင် မီးအုပ်ဆောင်းကို အသုံးပြုရသည်။ 
-
တစ်ခါက ရွာတစ်ရွာတွင် ကြက်မျက်ကန်း သင့်သူ တစ်ဦးရှိ၏။ နေ့ဘက်တွင် မြင်နိုင်သော်လည်း ညဘက်တွင် ကောင်းစွာ မမြင်နိုင်။ သို့သော် ပကတိ ကောင်းဟန်ဆောင်၏။ တစ်ညတွင် အိမ်လည်သွား၏။ အပြန်အတွက် အိမ်ရှင်က စိုးရိမ်၏။ သို့ရာတွင် ဧည့်သည်က မျက်စိကောင်းဟန်ဖြင့် ကျွန်တော့်မှာ မီးအုပ်ဆောင်း ပါတယ်ဟုဆိုကာ ဆွဲယူသွား၏။ အိမ်သို့ တန်းတန်းမတ်မတ် ရောက်သွား၏။ အဆင်ပြေပြီဟု ယူဆစရာရှိ၏။ သို့သော် နောက်တစ်ရက် မနက်တွင် အိမ်ရှင်လိုက်လာပြီး သူအိမ်က ယူသွားသည့် ကြက်တူရွေး လှောင်အိမ် ပြန်တောင်းသဖြင့် ပေးလိုက်ရသည်။ ထိုအခါကျမှ ချို့ယွင်းမှုကို ဖုံးကွယ်ခြင်းကိစ္စ ပေါ်သွား၏။ နားမကြားမူက နားကြားဟန်၊အမြင်အာရုံချို့တဲ့သူက ကောင်းစွာမြင်နိုင်ဟန် ပြုကြသည့် သဘာဝရှိ၏။ ပြုပြင်နိုင်ခြင်းတော့ မဟုတ်။ အထင်သေးမည်ကို စိုးရိမ်ခြင်းမျှသာ ဖြစ်လေသည်။ တစ်ဖက်သား၏ ခန္ဓာကိုယ်ချို့ယွင်း အားနည်းချက်ကို လှောင်ပြောင် ပြက်ရယ်မပြု သင့်ပါ။ မသန်စွမ်းမှုကို အခွင့်ကောင်းမယူဘဲ အပြုသဘောဆောင်ကာ မြှင့်တင်အားပေးဖို့သာ လိုပေသည်။ လူသားချင်း စာနာစိတ်လည်း ဖြစ်သည်။ သို့ရာတွင် ခွန်အားတူမျှသည့် ယှဉ်ပြိုင်မှုတွင် တစ်ဖက်၏ အားနည်းချက်ကို ရှာဖွေတုံ့ပြန်အနိုင်ရအောင်အား ထုတ်ရမည်ဖြစ်၏။ အားကစားလောကတွင် လက်ဝှေ့သမားများသည် တစ်ဖက်ပြိုင်သူကို အားနည်းချက်ရှာဖွေရသည်ချည်းဖြစ်၏။ မြန်မာဘောလုံးလောကတွင် တစ်ချိန်က ဂိုးသမားများ ရှေ့တန်းတက် ကန်ရာက ဂိုးများစွာ သွင်းသည်အထိ အောင်မြင်မှုရမည်။ ပြောင်းလဲကစားရာတွင် သူတာဝန်ယူခဲ့သော ဂိုးသမား၏ အားနည်းချက်ကို သိသောကြောင့်ဟု ပြောဖူးသည်။ ဥရောပဘောလုံး အသင်းကြီးများတွင် ကစားသမားများ ရာသီအလိုက် အပြောင်းအရွှေ့ ပြုကြသည်။ အသင်းဟောင်းနှင့် ရင်ဆိုင်ရာ၌ မည်သို့ ကစားရမည်ကို အားနည်းချက် ရှာဖွေတတ်သည်။ ထိုအခါ အခွင့်သာစွာကြိုးပမ်းနိုင် ကြောင်း တွေ့ရသည်။ 



အားနည်းချက်သည် အပြစ်မဟုတ်ပါ။ အမှားအယွင်းရလဒ် ကြုံရဖွယ်ရှိသည်။ သို့သော် အတွေ့အကြုံအား သင်ခန်းစာအဖြစ် ပြုပြင်ဖို့သာရှိ၏။ မမှားသောရှေ့နေ၊ မသေသော ဆေးသမား ဟူ၍ရှိပေရာ ဆေးဝါးကောင်းတွေ၊ နည်းစနစ်တွေ ပေါ်ထွန်းခြင်းအစ စကားဦးသန်းခြင်းဟု ဆိုနိုင်သည်။ Experience is the Best teacher ဟုတွေ့ရ ဖူးသည်။ အတွေ့အကြုံသည် အကောင်းဆုံးသော ဆရာဟု အဓိပ္ပာယ်ရ၏။ ကြုံသမျှ
ချို့ယွင်းချက်သည် ရှေ့အဖို့ ရလဒ်ကောင်း ဖော်ဆောင်ခြင်း အစအဦးပင် ဖြစ်လေသည်။ ခြောက်ပြစ်ကင်း သဲလဲစင်ဟူသော စကားသည် ဆိုရိုးမျှသာ ဖြစ်ပါသည်။ လက်တွေ့၌ ပါးလျားလှပေသည်။ အရာရာနှင့်
အကြောင်းကြောင်း ချို့ယွင်း အားနည်းချက်အတွက် အပြစ်တင်ကဲ့ရဲ့ တတ်ပါ၏။ သိကြားမင်း နွားယောင် ဆောင်လာသည်ကိုပင် ချိုကောက်သည်ဟု ပြောချင်သေးပါ၏။ မကင်းသည့် အားနည်း ချို့ယွင်းမှုအတွက်
အကွေးထဲက အကောက်ဟု သတ်မှတ်ရပါမည်။ အားနည်းချက်များထဲက အားသာချက်အဖြစ် ပြောင်းလဲနိုင်စွမ်း စိတ်ထားရှိဖို့တော့ ပျိုးထောင်သင့်ပေသည်။
-
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည် နိုင်ငံရေးစနစ် အမျိုးမျိုးပြောင်းလဲခဲ့၏။ စီးပွားရေး စနစ်အဖုံဖုံ ပြောင်းလဲ ကျင့်သုံးကြ၏။ လူမှုယဉ်ကျေးမှုတွင် ထုံးဓလေ့တွေ ပြောင်းလဲကြသည်။ အတွေ့အကြုံများစွာမှ အားနည်းချက်များကို အားသာချက်အဖြစ် ပြုပြင်ခြင်း ဖြစ်သည်။ မြန်မာ့သမိုင်း ရေစီးကြောင်းတွင်လည်း ထိုသဘောပင်ဖြစ်၏။ ခေတ်တွေ၊ စနစ်တွေ၊ လူမှုယဉ်ကျေးမှုတွေ အပြောင်းအလဲ ကြုံခဲ့ရသည်။ အဆိုးမှ အကောင်းသို့အတွေ့ အကြုံများအရ ပြုပြင်မှုချည်းဖြစ်၏။ မပြောင်းလဲသော အယူအဆ ကောင်းတွေလည်း ရှိ၏။ ထာဝရ ခေတ်မီသောကြောင့် ဖြစ်၏။ အမှန်တရားတွေကို တွေ့အောင်ရှာ၊ လွတ်အောင်ရုန်းဟူသော တစ်ချိန်က ကျင့်ခဲ့သော စကားရပ်သည် နှလုံးသွင်းအပ်သည်ဟု ထင်၏။ အားနည်းချို့ယွင်းမှု လျော့နည်းစေသည့် ကျင့်ထုံးဟု မှတ်ယူမိ၏။ မျက်မှောက်ခေတ်တွင် ဓနဥစ္စာနှင့် နည်းပညာ တောင့်တင်းခိုင်မာသော နိုင်ငံကြီးများသည် အင်အားချို့တဲ့သော နိုင်ငံငယ်များအပေါ် အနိုင်ကျင့် ဗိုလ်ကျပြဿနာမီးမွှေး တတ်ပေသည်။ ပြုပြင် ပျိုးထောင်ခြင်းထက် အခွင့်ကောင်း ယူသည်က များ၏။ သတိပြု စရာဖြစ်၏။ ထို့ကြောင့် ကိုယ့်ခွန်ကိုယ့်အား 
အစွမ်းအစ၊ ကိုယ့်အား ကိုယ်ကိုး အားထည့်နေရခြင်း ဖြစ်၏။ မြန်မာနိုင်ငံအဖို့ အရင်းအမြစ်နှင့် စွမ်းပကားသုံးစွဲရာ၌ ပကတိအနေအထားကို ရှုမြင်ခြင်းနှင့်အတူ စိတ်ဓာတ်အသစ်၊ ဥာဏ်ရည်အသစ် တွေ့မြင်ထုဆစ် ပုံဖော်ဖို့သာ ဖြစ်၏။ သမားရိုးကျ ရေစုန်လိုက်ခြင်းထက် ရေဆန်လေဆန် ဘဝခရီးတွင် အားထည့် အသုံးချသကဲ့သို့ ဖြစ်လေသည်။ ယခုကာလသည် Multi-Culture ဟုဆိုသည့် ဘက်စုံ ယဉ်ကျေးမှုခေတ် ဖြစ်လေရာ သူ့ထက်ငါ ကောင်းဆောင်ရွက်ရင်း ချို့ယွင်းမှု ပါးလျားအောင် ထိန်းချုပ်ဖို့ဖြစ်ပါ၏။ 
-
ပုထုဇဉ်နွယ်ဖွား မနုဿ လူသားတိုင်းသည် ချို့ယွင်း အားနည်းချက်နှင့် မကင်း ပြုပြင်မွမ်းမံ အသုံးချရသည်မှာ မှန်ပါ၏။ သို့ရာတွင် အသိတရားနှင့် သတိတရားပိုင်းတွင် ပြည့်ဝဖို့လို၏။ Knowledge to Power ဆိုသကဲ့သို့ သုတပညာပြည့်ဝ ဥာဏ်ပညာ ထက်မြက်ခြင်းက ရှေ့တန်းရောက်အောင် ပွဲဝင်ကြမည်ဖြစ်၏။ အထူးသဖြင့် သတိရှိဖို့ဖြစ်၏။ သတိတမံ ဥာဏ်မြေကတုတ်၊ ပညာစွမ်းကို ချွန်းဖြင့် အုပ်ဖို့ဖြစ်၏။ သတိမမူ ဂူမမြင်နိုင်သော်လည်း သတိမူက မြူကို ပင်မြင်နိုင်ပါ၏။ အသိနှင့် သတိပေါင်းပါက ထက်မြက်ပါမည်။ ပတ်ဝန်းကျင်ကို သတိပြုရ၏။ ပြောင်းလဲခြင်း တရားကို သတိမူရလေသည်။ သတိကင်းလွတ် ငှက်တောင်ကျွတ်ခြင်းသည် ကိုယ်ကျိုးနည်းမှုကို ရည်ညွှန်းပါ၏။ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ အသိဥာဏ်နှင့် သတိတမံ လျော့ပါး ကြသူတို့သည် အယုတ်၊ အလတ်၊ အမြတ်သုံးမျိုးသုံးစား မည်သည့်နေရာ၌ ရပ်တည်နေမည်ကို ခန့်မှန်းနိုင်ပေသည်။ နီးနီးကပ်ကပ် တင်ပြစရာရှိ၏။ စိတ်ဓာတ်နှင့် စာရိတ္တ မြင့်မားစေမှုအတွက် ယဉ်ကျေးမှုအစုဝင် စာပေနှင့် အနုပညာပိုင်းတွင် ချို့ယွင်းအားနည်းချက် ရှာဖွေရင်း ပြုပြင်တိုးတက်စေဖို့ ဖြစ်၏။
-
ညွန့်ဟံ(ကြူတော)
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment