၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၅ ရက် (ယနေ့)သည် ကမ္ဘာ့ဆရာများနေ့ ဖြစ်သည်။ မြန်မာအဘိဓာန်က ဆရာဟူသောဝေါဟာရကို အဓိပ္ပာယ်ဖွင့်ဆိုရာ၌ ပညာသင်ကြားပေးသူ၊ သွန်သင်ဆုံးမ နည်းလမ်းပြသူ၊ အတတ်၊လုပ်ငန်း တစ်ရပ်ရပ်တွင် ကျွမ်းကျင်သူ ယဉ်ကျေးသမှုဖြင့်ခေါ်သော စကားလုံးဟု အဓိပ္ပာယ် ဖော်ပြထားသည်။
-
မြန်မာမှုနယ်ပယ်၌ ဆရာမပြနည်းမကျ ဆိုရိုးစကားရှိသည်မှာ ဆရာဖြစ်သူက တပည့်ဖြစ်သူအား လက်ထပ်သင်ကြားမပေးလျှင် လက်ရေးလက်သား နည်းမကျသကဲ့သို့ အတွေ့အကြုံရှိပြီး ကျွမ်းကျင်သူက စနစ်တကျ ပြသမပေးလျှင် နည်းလမ်း(စနစ်) မကျဖြစ်တတ်သည်ကို ရည်ညွှန်းပြောဆိုကြခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်းအတွင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အကျိုးပြုနေကြရသည်တွင် ဆရာကျင့်ဝတ်(၅)ပါးကို ပြဋ္ဌာန်းထားသည်။ ဆရာကျင့်ဝတ်(၅)ပါး ဟူသည် ဆရာဖြစ်သူက တပည့်ဖြစ်သူအား အသက်မွေးမှုအတွက် အတတ်ပညာ သင်ကြားပေးရာတွင် လုံလောက်အောင် သင်ပေးရခြင်း၊ မကောင်းမှုဒုစရိုက်တို့ကို ရှောင်ကြဉ်နိုင်အောင် ဆုံးမပဲ့ပြင်ပေးရခြင်း၊ အတတ်ပညာတို့ကို အကြွင်းမရှိ စေတနာထား သင်ကြားပေးရခြင်း၊ ရောက်လတ္တံ့သော ဘေးအန္တရာယ်ကို ကာကွယ်ပေးရခြင်း၊ မိမိထံမှတစ်ဆင့် ပိုမိုသင့်လျော်ရာသို့ ပို့အပ်ပေးရခြင်းတို့ဖြစ်သည်။
-
တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အကျိုးပြုကြရသည်တွင် ဆရာကျင့်ဝတ်(၅)ပါးကို ပြဋ္ဌာန်းထားသကဲ့သို့ တပည့်ကျင့်ဝတ် (၅)ပါးကိုလည်း ပြဋ္ဌာန်းထားသည်မှာ ဆရာ့အတွက် ဂါရဝတရားဖြင့် ပြုဖွယ်ရှိသည်တို့ကို ထကြွနိုးကြားစွာ ဆောင်ရွက်ပေးခြင်း၊ ဆရာတို့ ဆိုဆုံးမသော စကားကို ရိုသေစွာနာယူခြင်း၊ ဆရာရောက်လာသောအခါ ခရီးဦးကြိုဆိုပြုစုခြင်း၊ ဆရာ့အနားဝယ် နေသောအခါ ခြေဆုပ်လက်နယ်ပြုစုခြင်း၊ ဆရာသင်ပြသော ပညာများကို သင်အံလေ့ကျက် ရွတ်ဖတ်ခြင်းတို့ဖြစ်သည်။
-
မြန်မာတို့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း၌ ဆရာကျင့်ဝတ်၊ တပည့်ကျင့်ဝတ်တို့ ရှိပြီးဖြစ်သည့် အားလျော်စွာ စေတနာထားသော ဆရာနှင့် ဆုံးမနာယူလွယ်သော တပည့်တို့၏ အပြန်အလှန် စောင့်ထိန်းမှုနှင့် ကျေပွန်မှုတို့ရှိကြလျှင် တစ်ဦးချင်းအနေဖြင့် လူဖြစ်ကျိုးနပ်၍ လောကကောင်းကျိုးကိုပါ သယ်ပိုးနိုင်သူများဖြစ်ကြပေမည်။
-
စေတနာ၏သဘောကို မိလိန္ဒမင်းကြီးက လျှောက်ထားမေးမြန်းသည်ကို ရှင်နာဂသေနက ပြန်လည်ဖြေမိန့်တော်မူရာတွင် စေတနာသည် စေ့ဆော်အားထုတ်ခြင်း လက္ခဏာရှိ၏၊ ပြုပြင်စီရင်ခြင်း လက္ခဏာလည်း ရှိ၏ဟု မိန့်တော်မူသည်။ မိလိန္ဒမင်းကြီးက ဥပမာပြုတော်မူပါဦးဟု လျှောက်ထားသောအခါ ရှင်နာဂသေနက မင်းမြတ် ဥပမာအားဖြင့် တစ်စုံတစ်ယောက်သော ယောက်ျားသည် အဆိပ်ကိုပြုပြင်စီရင်၍ မိမိကိုယ်တိုင်သောက်၏။
-
သူတစ်ပါးကိုလည်း သောက်စေရာ၏။ထိုသူသည် ဆင်းရဲရာ၏။ တစ်ပါးသူတို့လည်း ဆင်းရဲရာ၏။ဤအတူသာလျှင် လောက၌ အချို့သော ပုဂ္ဂိုလ်သည် အကုသိုလ်ကံကို စေတနာဖြင့်စေ့ဆော် အားထုတ်၍ ခန္ဓာကိုယ် ပျက်စီးခြင်းကြောင့် သေပြီးသည်မှနောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာသို့၊ ပျက်စီးကျရောက်ရာ ဖြစ်သော ငရဲသို့ကျရောက်ရာ၏။ အကြင်သူတို့သည်လည်း ထိုအကုသိုလ်ကံပြုသူနည်းတူ လိုက်၍ ကျင့်ခြင်းကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးနောက်၌ ငရဲသို့ကျရောက်ကုန်၏ဟု မိန့်တော်မူ၏။
-
ထို့နောက် အခြားဥပမာ တစ်နည်းမိန့်တော်မူရာတွင် တစ်စုံတစ်ယောက်သော ယောက်ျားသည် ထောပတ်၊ ဆီဦး၊ ပျား၊ တင်လဲတို့ကို တပေါင်းတည်းပြုပြင်စီရင်၍ မိမိကိုယ်တိုင်သောက်၏။ သူတစ်ပါးတို့ကိုလည်း သောက်စေရာ၏။ ထိုသူသည် ချမ်းသာရာ၏။ တစ်ပါးသူတို့လည်း ချမ်းသာရာ၏။ ဤအတူသာလျှင် လောက၌ အချို့သော ပုဂ္ဂိုလ်သည် ကုသိုလ်ကံကို စေတနာဖြင့် စေ့ဆော်အားထုတ်၍ ခန္ဓာကိုယ် ပျက်စီးသေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်သို့ရောက်ရာ၏။ အကြင်သူတို့သည်လည်း အလားတူ နတ်ပြည်သို့ ရောက်ကြရကုန်၏။ မင်းမြတ် ဤသို့လျှင် စေတနာသည် စေ့ဆော်ခြင်းလက္ခဏာရှိ၏၊ ပြုပြင်စီရင်ခြင်း လက္ခဏာလည်းရှိ၏ဟု ရှင်နာဂသေနက မိန့်တော်မူသည်။ ဖော်ပြခဲ့သော မိလိန္ဒမင်းကြီးနှင့် ရှင်နာဂသေနတို့၏ စေတနာ လက္ခဏာပြဿနာ အမေးအဖြေသည် ဆရာက တပည့်တို့အပေါ် ထားရှိအပ်သော စေတနာကို အထူးပေါ်လွင်လျက်ရှိပြီး လူ့အဖွဲ့အစည်းတွင် တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံရေးတွင်လည်း မိတ်ဆွေစစ်နှင့် မိတ်ဆွေတုကို ခွဲခြားသိရန်လိုကြောင်း ဥပမာကောင်းဖြစ်သည်။
-
ပြည်သူ့နီတိတွင် ''အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်စီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ''ဟု သွန်သင်ထားသကဲ့သို့ နန္ဒိသေနပျို့တွင်လည်း ''နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း၊ ဝမ်းတွင်းမသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ၊ ဆရာဟူ၏''ဟူ၍ ကုန်းဘောင်ခေတ်ပညာရှိ လက်ဝဲသုန္ဒရအမတ်ကြီးက ညွှန်ပြထားသည်။ ပထမအရွယ် ပညာသင်၊ ဒုတိယအရွယ် စီးပွားရှာ၊ တတိယအရွယ် တရားရှာဟု ဆိုထားကြရာ အတတ်ပညာ၊ အသိပညာမရှိသူအတွက် ဥစ္စာစီးပွားမရှိနိုင်၊ ဥစ္စာစီးပွား မရှိသူအတွက် တရားရှာရန် လွယ်ကူမည် မဟုတ်ကြောင်း လောကနီတိက သွန်သင်ထားသည်။
-
ထို့ကြောင့် လူတိုင်းရခဲသောအသိပညာ၊ အတတ်ပညာသည် ရတနာဖြစ်သည်။ ပညာကို သင်ကြားပေးသော ဆရာသည် အခရာဖြစ်သည်ဟု ဆိုထားကြလေရာ ဆရာကောင်းတပည့် ပန်းကောင်းပန် မိမိအကျိုးနှင့် သူတစ်ပါးတို့ အကျိုးကို သယ်ပိုးနိုင်ကြစေခြင်းငှာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာဟု ဆိုအပ်သော ဆရာသုံးပါးတို့ ဂုဏ်ကျေးဇူးသည် ဆပ်လို့မကုန်နိုင်အောင် တင်ရှိနေသည်ကို မမေ့အပ်ကြောင်း ကမ္ဘာ့ဆရာများနေ့တွင် မြဝတီက ဂါရဝတရားဖြင့် ရေးသားလိုက်ရပါသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment