Pages

Wednesday, September 12, 2018

သပိတ်ကျင်းမြို့နယ်၊ ဝါးဖြူတောင်ကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်





နေပြည်တော် ၁၂-၉-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဝါးဖြူတောင်ကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ငါးပါးနှင့် ဒေသခံ ပြည်သူ ၄ဝ၄ ဦးတို့ကို ခွဲစိတ်ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး Ultrasound ရိုက်ခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ် စစ်ဆေးခြင်း၊ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်း စသည့်ရောဂါ ရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာလင်းနှင့် အဖွဲ့ဝင်များကသွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး အသက် ၇၅ နှစ်အထက်ရှိ အဘိုးအဘွား ၈ဝ ဦးတို့ကို စားသောက် ဖွယ်ရာများ ထောက်ပံ့လှူဒါန်းသည်။ ထို့ပြင် ဆေးလာရောက်ကုသသည့် ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအား တိုင်းမှူးနှင့် အဖွဲ့ဝင်များက ရင်းရင်းနှီးနှီး တွေ့ဆုံ၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက် ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဝါးဖြူတောင်ကျေးရွာရှိ တိက္ခာရာမကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တခေမာစာရအား သွားရောက်ဖူးမြော်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ 

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment