Pages

Wednesday, September 12, 2018

ရထားစီးခရီးသည်များအား တပ်မတော်မှ မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်၊ ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် နေရာများအား ပြန်လည်ပြုပြင်






နေပြည်တော် ၁၂-၉-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး၊ ဆွာမြို့၊ ဆွာချောင်းရေလှောင်တမံ၊ ရေလွှဲတံခါး ကျိုးပေါက်ပြီး မီးရထားလမ်း ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် ရထားလမ်းများအား ပြုပြင်လျက်ရှိရာ ရထားစီးခရီးသည်များ အဆင်ပြေစွာ သွားလာနိုင်ရန် ရေတာရှည်နှင့် ဆွာဘူတာအကြား၌ တပ်မတော်မှ City Bus မော်တော်ယာဉ် ၁၈ စီးဖြင့် ပို့ဆောင်ပေးလျက် ရှိသည်။ 

ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဆိုက်ရောက်သည့် ရန်ကုန်-မန္တလေး အဆန်ရထား ခရီးစဉ်အမှတ်(၃)မှ ခရီးသည် ၆၄၇ ဦး၊ ရထားဝန်ထမ်း ၁ဝ ဦး၊ မန္တလေး- ရန်ကုန် အစုန်ရထား ခရီးစဉ်အမှတ်(၄)မှ ခရီးသည် ၅၄၆ ဦး၊ ရထားဝန်ထမ်း ၁၂ ဦးတို့ကို လည်းကောင်း၊ နေ့လယ်ပိုင်းတွင် ဆိုက်ရောက်သည့် ရန်ကုန်-မန္တလေး အဆန်ရထားခရီးစဉ်အမှတ်(၁၁)မှ ခရီးသည် ၄၄၁ ဦး၊ ရထားဝန်ထမ်း ၁ဝ ဦး၊ မန္တလေး-ရန်ကုန် အစုန်ရထားခရီးစဉ်အမှတ် (၁၂)မှ ခရီးသည် ၃၅၅ ဦး၊ ရထားဝန်ထမ်း ၁၂ ဦး တို့ကိုလည်းကောင်း တပ်မတော်မှ မော်တော်ယာဉ်များဖြင့် ဆွာမြို့ဘူတာနှင့် ရေတာရှည်မြို့ဘူတာတို့အကြား အပြန်အလှန် ပို့ဆောင်ပေးခဲ့သည်။ 

ထို့ပြင် ဆွာချောင်းရေလှောင်တမံရေလွှဲ တံခါးကျိုးပေါက်မှုကြောင့် ရေတာရှည်မြို့နယ်၊ ထောက်ကြန့်ကွင်း ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းအား ကာရံထားသော အုတ်တံတိုင်းမှာ ပေ ၁၂ဝဝ ခန့် ပြိုလဲပျက်စီးခဲ့ရာ ယနေ့တွင် ရေတာရှည်တပ်နယ်မှ တပ်မတော်သားများက အပျက်အစီးများအား ဖယ်ရှား ရှင်းလင်းခြင်း၊ ပြန်လည် အသုံးပြု၍ရသော အုတ်များအား ဆယ်တင်ပေးခြင်းနှင့် အဆိုပါကျေးရွာအတွင်းရှိ လူနေအိမ်များ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ ကူညီပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment