Pages

▼

Thursday, August 2, 2018

မြန်မာနိုင်ငံတွင် နည်းပညာသုံး ရွှေရောင်းဝယ်ရေး စနစ်တစ်ခု ဖော်ဆောင်သွားမည်



ရန်ကုန် ၂-၈-၂ဝ၁၈

မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက် နေသည့် ရွှေဈေးကွက်ကို စနစ်တကျနှင့် ရောင်းဝယ်သူ အားလုံးပါဝင် ရောင်းဝယ်နိုင်ရန် နည်းပညာသုံး ရွှေရောင်းဝယ်ရေး စနစ်တစ်ခု အကောင်အထည် ဖော်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း၏ သတင်းများအရ သိရသည်။

လက်ရှိမြန်မာနိုင်ငံ ရွှေဈေးကွက်တွင် ဝတ်စားဆင်ယင်ရန် ဝယ်ယူမှု၊ ရွှေဈေးကွက်တွင် အရောင်းအဝယ် ပြုလုပ်ရန် ဝယ်ယူမှုများ ရှိနေသကဲ့သို့ ရွှေပန်းတိမ် လုပ်ငန်းများမှ ဝယ်ယူမှုစသည်ဖြင့် ရောင်းဝယ်လုပ်ကိုင်မှု ပုံသဏ္ဋာန် အမျိုးမျိုးရှိနေသည်။ ထို့သို့ရောင်းဝယ်ရာတွင် ရွှေရောင်းသူနှင့် ရွှေဝယ်သူများမှာ အချင်းချင်းတွေ့ဆုံပြီးမှ အရောင်းအဝယ် ပြုလုပ်နေကြခြင်း ဖြစ်သည်။

နိုင်ငံတကာ ရွှေဈေးကွက်များတွင် ရွှေအရောင်းအဝယ် ပြုလုပ်ရာတွင် ရွှေရောင်းသူနှင့် ရွှေဝယ်ယူ အချင်းချင်းတွေ့ဆုံ ဆောင်ရွက်ရန် မလိုဘဲ နည်းပညာသုံး ရောင်းဝယ်ရေး စနစ်ဖြင့်သာ အရောင်းအဝယ် လုပ်ကိုင်ဆောင်ရွက် နေကြခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ ရွှေဈေးကွက် အနေဖြင့်လည်း နိုင်ငံတကာ ရွှေဈေးကွက်များတွင် ကျင့်သုံးလုပ်ကိုင် အသုံးပြုနေသည့် နည်းပညာသုံး ရွှေအရောင်းအဝယ် စနစ်ကို ဆောင်ရွက်နိုင်ရေးအတွက်စီမံဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ နည်းပညာသုံးရွှေ အရောင်းအဝယ်စနစ်ကို မြန်မာနိုင်ငံတွင် အမြန်ဆုံးအကောင်အထည် ဖော်ဆောင်ရွက် နိုင်ရေးအတွက် နိုင်ငံတော်၏ ပံ့ပိုးကူညီမှုများနှင့်အတူ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရွှေလုပ်ငန်း ရှင်များအသင်းများ ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အဆိုပါ နည်းပညာသုံး ရွှေရောင်းဝယ်ရေး စနစ်ကို နိုင်ငံတကာနည်းတူ စနစ်တကျ အကောင်အထည် ဖော်ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတော်အတွက်နှင့် ရွှေရောင်းသူ၊ ရွှေဝယ်သူများအတွက်ပါ အကျိုးရှိလာနိုင်မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment