Pages

▼

Thursday, August 2, 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေး



နေပြည်တော် ၂-၈-၂ဝ၁၈

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့် တပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၃၁ရက် နံနက် ၁၁နာရီ ၁၅ မိနစ်က မြန်မာနိုင်ငံဘက်ခြမ်း မောင်တောမြို့ အမှတ်(၁) ဝင်ထွက်စစ်ဆေးရေး စခန်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ အမှတ် (၂) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှူး ယာယီဒုတိယရဲမှူး ကြီးနေမျိုးသူ ဦးစီး၁ဝဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမှတ်(၂) နယ်ခြားစောင့် တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး Md. Asadud-Zaman Chowdhury ဦးစီး ၁ဝ ဦးတို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ မြန်မာဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ၌ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု အခြေအနေများကို သတင်းဖလှယ်၍ ကွင်းဆက်များဖော်ထုတ်ဖမ်းဆီး နိုင်ရေး လုပ်ငန်းများကို ပိုမိုပူးပေါင်း ဆောင်ရွက်ရန်၊ နယ်စပ်ဒေသတွင် ARSA လှုပ်ရှားမှုများနှင့် ပတ်သက်၍ ရရှိသော သတင်းများကို ဖလှယ်၍ အတည်ပြု စုံစမ်းပေါင်းစပ်ဆောင်ရွက်နိုင်ရေးနှင့်အပြည့် အဝပူးပေါင်း ဆောင်ရွက်ရန်၊ သတင်းအချက်အလက်များ ဖလှယ်ရာတွင် ခိုင်လုံတိကျသော သတင်းများပေးပို့နိုင်ရေး ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများနှင့် ပတ်သက်သော ကိစ္စရပ်များ၊ အလံတင် အစည်းအဝေးများ ပုံမှန်ဆောင်ရွက်သွားရန် ကိစ္စများနှင့် နှစ်နိုင်ငံညှိနှိုင်း၍ လှည့်ကင်းဆောင်ရွက်မည့် အစီအမံတို့ကို အပြန်အလှန်ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment