Pages

Wednesday, July 11, 2018

သူ့ကျွန်အဖြစ် နွံနစ်မခံလိုသူ


ဆောင်းပါး ၁၁-၇-၂ဝ၁၈

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လူမျိုးများသည် နယ်ချဲ့ကျူးကျော်သူများကို တော်လှန်ရာတွင် လည်းကောင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ခြင်းနှင့် လွတ်လပ်ခြင်းကို ထိန်းသိမ်းကာကွယ်ရာ တွင်လည်းကောင်း တစ်ခဲနက်သွေးစည်း ညီညွတ်ခဲ့ကြသည်ကို မြန်မာ့သမိုင်းစာမျက်နှာတွင် ထင်ထင်ရှားရှား တွေ့မြင်နိုင်၏။

သူ့ကျွန်အဖြစ် နွံနစ်မခံလိုသူ တိုင်းရင်းသားမျိုးချစ် သူရဲကောင်းတို့သည် ရရာလက်နက် စွဲကိုင်လျက် နယ်ချဲ့တို့ကို ခုခံတိုက်ခိုက်ခဲ့ကြသဖြင့် မြန်မာ့လွတ်လပ်ရေး ပြန်လည်ရရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည် ထိုသို့တိုက်ပွဲဝင် ခဲ့ကြသည့် မျိုးချစ်သူရဲကောင်း အမြောက်အမြား ရှိသည့်အနက် ''ဗိုလ်ခေါင်းကြီး'' သည် မျိုးချစ်သူရဲကောင်း စာရင်းဝင်ဖြစ်ခဲ့၏။

''နောက်ကကြည့်တော့ ခပ်ကုန်းကုန်း၊ ရှေ့ကကြည့်တော့ ခပ်ပြုံးပြုံး''ဆိုသောသီချင်းသည် ဇာတ်သဘင်လောကတွင် ခေတ်စားခဲ့ဖူး၏။ လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာကျော် ပုဂံမင်းလက်ထက် ဒုတိယအကြိမ် မြန်မာနှင့်အင်္ဂလိပ်တို့ စစ်မက်ဖြစ်ပွား ခဲ့ရာတွင် မြန်မာနိုင်ငံအောက်ပိုင်း သာယာဝတီနယ်မှ အင်္ဂလိပ်များကို ရွပ်ရွပ်ချွံချွံခုခံ တိုက်ခိုက်ခဲ့သော ဗိုလ်ခေါင်းကြီးနှင့် စပ်လျဉ်း၍ အထက်ပါသီချင်းသည် လွန်စွာ မှန်ကန်လှ၏။

အင်္ဂလိပ်တို့ဘက်က ကြည့်လျှင် ဗိုလ်ခေါင်းကြီးသည် လူသတ်၊ ဓားပြ၊ သူပုန်သူကန်၊ အလွန်ကြောက်မက် ဖွယ်ကောင်းသော ကုန်းကုန်းကွကွ လူဆိုးကြီး တစ်ဦးအဖြစ် မြင်ရ၏။ မြန်မာများဘက်က ကြည့်လျှင်မူကား ဗိုလ်ခေါင်းကြီးသည် ကိုယ့်အမျိုးသားနှင့် ကိုယ့်တိုင်းပြည်ကိုထိလျှင် မချိအောင်နာတတ်သော မျိုးချစ်သူရဲကောင်းအဖြစ် ကြည်ညိုလေးစား ထိုက်သူဖြစ်၏။

တာပွန်တိုက်သူကြီး ဗိုလ်ခေါင်းကြီးသည် စစ်မဖြစ်မီ မြန်မာမင်းလက်ထက်က သာယာဝတီခရိုင် နတ်မောက်မြို့၏ အနောက် ၁၂မိုင်ခန့်အကွာတွင်တည်ရှိသော တာပွန်တိုက်သူကြီး ဖြစ်သည်။ ထိုစဉ်က မိုးညိုမြို့ကို စီရင်
အုပ်ချုပ်သော မိုးညိုမြို့ဝန် ဦးတလုတ်နှင့် ယောက်ဖတော်စပ်သဖြင့် ထိုဒေသတစ်ဝိုက်တွင် သြဇာညောင်း သူတစ်ဦးဖြစ်သည်။

၁၈၅၂ခုနှစ်တွင် ရန်ကုန်ရှိ အင်္ဂလိပ်ကုန်သည် အချို့နှင့် မြန်မာမင်းအစိုးရတို့ မသင့်မတင့်ဖြစ်သည်ကို အကြောင်းပြု၍ အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒါလဟိုဇီက မှားယွင်းစေလွှတ်လိုက်သော သင်္ဘောတပ်ဗိုလ် ကမ္မဒိုလမ်းဘတ်၏ ကျူးကျော်ရမ်းကားမှုမှ အစအင်္ဂလိပ်တို့က ရေကြောင်းမှဝင်ရောက် တိုက်ခိုက်ရာ မြန်မာမင်းတပ်များသည် ရန်ကုန်ကစ၍ စစ်ကြောင်းကို အဆင့်ဆင့်ခုခံခြင်းမပြုဘဲ ပြည်မြို့ထိ ဆုတ်ခွာပြီးမှ ခုခံခဲ့၏။

ဗိုလ်ခေါင်းကြီးသည် ညီဖြစ်သူ ဗိုလ်ခေါင်းကလေးနှင့် ပူးပေါင်းကာ ကရင်အမျိုးသားများနှင့် အတူအင်္ဂလိပ်တို့ တပ်စွဲထားသောမြို့နယ်၊ ရွာငယ်များကို ဝင်ရောက်တိုက်ခိုက်သည်။ ဗိုလ်ခေါင်းကြီး၏ လှုပ်ရှားမှုများကို တားဆီးရန် အတွက် ဗြိတိသျှတို့သည် ချော့၍တစ်ဖုံ၊ ခြောက်၍တစ်နည်း အမျိုးမျိုးကြံစည် ပြုလုပ်ခဲ့၏။ ဟင်္သာတ အရေးပိုင်ဖြစ်သော အင်္ဂလိပ်စစ်ဗိုလ် ကပ္ပတိန်စမစ်က ဗိုလ်ခေါင်းကြီးအား "ရာထူးရာခံပေးမည်၊ ဟင်္သာတသို့လာခဲ့"ဟု ခေါ်သည်။ သို့ရာတွင် ဗိုလ်ခေါင်းကြီးသည် ထိုသို့ရာထူးပြ၍ သိမ်းသွင်းသည်ကို လက်မခံဘဲ အင်္ဂလိပ်တို့ကို ဆက်လက်ခုခံ တိုက်ခိုက်ရန် စိုင်းပြင်းခဲ့လေသည်။

မိုးညိုတိုက်ပွဲ ၁၈၅၃ ခုနှစ် မတ်လတွင် ဗိုလ်ခေါင်းကြီး၏ အင်အားစုတို့သည် မိုးညိုကိုဝင်ရောက် တိုက်ခိုက်ခဲ့ကြ၏။ တိုက်ပွဲဝင်နယ်ချဲ့ ဆန့်ကျင်ရေး အင်အားစုများမှာ ၁၅ဝဝ ခန့်ရှိပြီး ၆ဝဝခန့်မှာ သေနတ်လက်နက်များကို
ကိုင်ဆောင် တိုက်ပွဲဝင်ခဲ့ကြ၏။

ဗိုလ်ခေါင်းကြီးသည် တာပွန်ကို ဌာနချုပ်လုပ်၍ မိမိနှင့်သဘောချင်း ညီမျှသော တိုက်သူကြီးအချို့ကို ထပ်မံခန့်ထားပြီး ညီဖြစ်သူ ဗိုလ်ခေါင်းကလေးကို လူသူလက်နက်ပေး၍ ဧရာဝတီမြစ်ကမ်း တစ်လျှောက် အင်္ဂလိပ် လက်အောက်သို့ ကျရောက်ခဲ့သော ရွာများကို ပြန်လည်တိုက်ခိုက် သိမ်းပိုက်စေသည်။

မိုးညိုမြို့ကို တိုက်ပြီးနောက် တစ်လအကြာတွင် ဗိုလ်ခေါင်းကြီးသည် မိုးညိုမြို့မှ မိုင် ၂ဝဝေးသော ယုန်တလင်းရွာတွင် တပ်မပြု၍ ကရင်၊ မြန်မာအင်အား ၆ဝဝကို ချထား၏။ ယုန်တလင်းမှ ၉မိုင်ခန့်အကွာတွင် တပ်ဦးအစောင့် လူ ၃ဝဝချထားသည်။ မိုးညိုနှင့် မင်းကြီးတို့တွင် လူ ၆ဝဝစီ ချထားသည့်အပြင် ၎င်းအနီး တစ်ဝိုက်တွင်လည်း လူ ၁ဝဝခန့် ဖြန့်ကြက် ထားလေသည်။

ဤသို့ဖြင့် မိုးညိုတစ်နယ်လုံးသည် ဗိုလ်ခေါင်းကြီး၏ လက်အောက်သို့ရောက်၍ အင်္ဂလိပ်တို့အတွက် ဗိုလ်ခေါင်းကြီးသည် ရောက်ရာပေါက်ရာလိုက်လံ တိုက်ခိုက်နေသာ သူပုန်သူကန်မျှ သာမဟုတ်တော့ဘဲ တပ်မကြီးတစ်တပ်ကို ဦးစီးလာသောဗိုလ်ချုပ်ကြီး သဖွယ် ဖြစ်လာသည်။

ထို့နောက် ဗိုလ်ခေါင်းကြီး ဦးဆောင်သော ကရင်မြန်မာ အမျိုးသားများသည် ကနောင်မြို့နှင့် အုတ်ဖိုမြို့တို့ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ကြသည်။ ထိုအခါ အင်္ဂလိပ်အရေးပိုင် ကိုယ်တိုင်ဦးစီး၍ ဗိုလ်ခေါင်းကြီး၏ ကရင်မြန်မာ အင်အားစုကို နောက်ပိုင်း ပြတ်သွားအောင် တိုက်ခိုက်ရာ အရေးနိမ့်ခဲ့သည်။

အင်္ဂလိပ်တို့က မိုးညိုကို ပြန်လည်ထူထောင်ရန် ကြိုးပမ်းရာ ဗိုလ်ခေါင်းကြီး၏ ကရင်အမျိုးသားများက မီးရှို့ဖျက်ဆီး လိုက်သဖြင့် အင်္ဂလိပ်တို့၏ မိုးညိုပြန်လည် တည်ဆောက်ရေး အစီအစဉ် ပျက်ခဲ့ရသည်။

အင်္ဂလိပ်တို့အား ဆက်လက်တိုက်ပွဲဝင် ပုဂံမင်းနန်းကျပြီး ညီတော်မင်းတုန်းမင်း နန်းတက်သည့်အခါ မြန်မာနှင့်အင်္ဂလိပ်တို့ စစ်ပြေငြိမ်းကြသည်။

ဤကဲ့သို့ စစ်ပြေငြိမ်းကြောင်းကို ဗိုလ်ခေါင်းကြီးသည် ရုတ်တရက်သိရှိဟန်မတူပေ။ သို့သော် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဗိုလ်ခေါင်းကြီးအတွက် အင်္ဂလိပ်တို့ကို ဆက်လက်တိုက်ခိုက်ရန်သာ ဖြစ်လေသည်။

၁၈၅၄ခုနှစ်တွင် အင်္ဂလိပ်များက စုရုံးတိုက်ခိုက်သဖြင့် တာပွန်မြို့ အင်္ဂလိပ်တို့လက်သို့ကျသွားသည်။ ဗိုလ်ခေါင်းကြီး၏တပ်များသည် ပဲခူးဘက်သို့ဆုတ်ခွာ ခဲ့ကြသည်။ အင်္ဂလိပ်တို့ကလည်း ဗိုလ်ခေါင်းကြီး၏ တပ်နောက်သို့ ထက်ကြပ်မကွာလိုက်၍ တိုက်ခိုက်သဖြင့် ဗိုလ်ခေါင်းကြီး၏တပ်များ နေရာရွှေ့ရပြန်သည်။

ထိုတိုက်ပွဲတွင် ဗိုလ်ခေါင်းကြီး အဆောင်အယောင် ဖြစ်သော ရွှေထီးတစ်လက်၊ မောင်းတစ်လုံး၊ သေနတ်နှစ်ဆယ့် ငါးလက်တို့ကို အင်္ဂလိပ်တို့ရရှိလိုက်သည်။ တိုက်ပွဲတွင် ဗိုလ်ခေါင်းကြီး၏ လက်စွဲဗိုလ်တစ်ယောက် ကျဆုံးပြီး ဆင်နှစ်စီးမှာ သီသီကလေး လွတ်သွားသည်။ ထိုမှတစ်ဖန် အင်္ဂလိပ်တို့သည် ဗိုလ်ခေါင်းကြီး၏ တပ်များကို လိုက်လံတိုက်ခိုက်ပြန်ရာ တာပွန်အရှေ့ဘက် ၃၂ မိုင်အကွာရှိ ဘော်ဆင်ရွာတွင် တိုက်ပွဲဖြစ် ပြန်သည်။

ဘော်ဆင်မှ အင်္ဂလိပ်တို့ဆုတ်ခွာ သွားပြီးနောက် ဗိုလ်ခေါင်းကြီးသည် တာပွန်ဘက်သို့ ပြန်လည်ချီတက်၍ တာပွန်ပတ်ဝန်းကျင် တစ်မိုင်ခန့်ထိ ရွာများကို တိုက်ခိုက်သည်။ ၁၈၅၄ခုနှစ် ဖေဖော်ဝါရီလတွင် မြစ်ကမ်းတစ်လျှောက် မှတစ်ပါး ကျန်သာယာဝတီ တစ်နယ်လုံးသည် ဗိုလ်ခေါင်းကြီး၏ လက်အောက်သို့ ရောက်သွားပြန်သည်။

ထို့နောက် မတ်လတွင် ဗိုလ်ခေါင်းကြီးသည် ရေကင်းနှင့် တာပွန်ကြားရှိ ဘားအင်းတောကို သိမ်းပိုက်ထားသဖြင့် ထိုနှစ်မြို့မှာ အဆက်ပြတ်သွားကာ အင်္ဂလိပ်တို့အတွက် စိုးရိမ်ဖွယ်ရာအခြေအနေသို့ ရောက်သွားတော့သည်။

သို့ဖြစ်၍ အင်္ဂလိပ်တို့သည် တာပွန်တွင် လူ ၃ဝဝ၊ ရေကင်းတွင် လူ ၂၇ဝချထားသည့်အပြင် ထိုနှစ်မြို့၌ နောက်ထပ်လူ ၅ဝဝစီ၊ မိုးညိုတွင် နောက်ထပ်လူ ၁ဝဝ၊ ဥရောပတိုက်သားများဦးစီးသော အမြောက်တပ် တစ်တပ်ချထားရန် စီမံရသည်။

ထိုအတောအတွင်း လေးနိုင်ငံဝန် ရှင်တော်မင်းကြီးက ဗိုလ်ခေါင်းကြီးကို မကျိုးမပဲ့အရှင်ရအောင် ဖမ်းပေးနိုင်သူအား ဆုငွေ ၂ဝဝဝကျပ်ပေးမည်ဟု ကြေညာ လိုက်သည်။ ထိုသို့ ဆုငွေထုတ်ကြောင်း အိန္ဒိယဘုရင်ခံ ချုပ်ကြီး ကြားသိသောအခါ ဗိုလ်ခေါင်းကြီး ကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ဆုငွေ ၂ဝဝဝကျပ်လောက်ဖြင့် ရနိုင်မည်မဟုတ်။ တိုး၍ ထုတ်ရမည်ဆိုကာ ဆုငွေ ၂ဝဝဝဝ ကျပ်ထိ တိုးမြှင့်ခဲ့သည်။ ထိုအချိန်က ငွေ ၂ဝဝဝဝ ဆိုသည်မှာ သူဌေးဖြစ် လောက်သည်။ ထိုစဉ်က ဆန်တစ်တောင်းလျှင် ခြောက်မူးဈေးသာရှိရာ ထိုနှုန်းနှင့် တွက်မည်ဆိုလျှင် ငွေ ၂ဝဝဝဝကျပ်အတွက် ဆန်တင်းပေါင်း ၃၂ဝဝဝရရှိနိုင်သည်။

ဤမျှစွဲမက် လောက်အောင် ဆုငွေထုတ်သော်လည်း ဗိုလ်ခေါင်းကြီးကို ဖမ်းဆီးမိမည့် သူမပေါ်ချေ။ အင်္ဂလိပ်ဘက်မှ စစ်အင်အားသည် တစ်နေ့ထက် တစ်နေ့ ကြီးမားလာကာ ဗိုလ်ခေါင်းကြီးကို နှိမ်နင်းရန် အင်္ဂလိပ်တို့သည် တပ်အင်အား၊ လက်နက်အင်အား တိုး၍ချထားသည်။

ဤနည်းဖြင့် သာယာဝတီတစ်နယ်လုံးကို အင်္ဂလိပ်တို့ ရရှိလိုက်သော်လည်း ဗိုလ်ခေါင်းကြီးသည် လက်မလျှော့သေးပေ။ ၁၈၅၇ ခုနှစ်လောက်မှစ၍ အထက်မြန်မာနိုင်ငံမှ နယ်နိမိတ်ကို ဖြတ်ကျော်၍ အင်္ဂလိပ်ပိုင်နက်ကို မကြာမကြာဝင်၍ တိုက်လေသည်။ ဗိုလ်ခေါင်းကြီးကျဆုံး ၁၈၅၈ ခုနှစ်သို့ ရောက်သောအခါ ဗိုလ်ခေါင်းကြီးသည် နောက်လိုက်ဗိုလ်ပါ အင်အားကောင်းစွာဖြင့် နယ်စပ်သို့ဆင်းလာရာ သေနတ်ထိမှန်၍ ကျဆုံးရလေသည်။

ဗိုလ်ခေါင်းကြီးသည် ကိုယ့်အမျိုး၊ ကိုယ့်တိုင်းပြည်ကို ထိပါးလာသောနယ်ချဲ့တို့ကို ခေါင်းငုံ့မခံ၊ ဇွဲသတ္တိဖြင့် သေသည်ထိ လေးနှစ်တိုင်တိုင် ခုခံတိုက်ခိုက်ခဲ့၏။ ဗိုလ်ခေါင်းကြီး၏ မြင့်မြတ်သော မျိုးချစ်အာဇာနည် သူရဲကောင်း စိတ်ဓာတ်ကို ရန်သူအင်္ဂလိပ်တို့ပင် လေးစားရလောက်အောင် ထင်ရှားစွာပြသခဲ့သဖြင့် ဗိုလ်ခေါင်းကြီး၏ စိတ်ဓာတ်နှင့် လုပ်ရပ်ကို ချီးကျူးဂုဏ်ပြု ရမည်သာဖြစ်ပါ၏။

ရတနာပုံနေ့စဉ်သတင်းစာ စာ (၁၄)

တက္ကသိုလ်သင်္ခ

#Themyawadydaily

No comments:

Post a Comment