Pages

Wednesday, December 13, 2017

ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်သို့ လာရောက်သော နိုင်ငံခြားခရီးသွား ဧည့်သည်များထံမှ လေးနှစ်အတွင်း ဇုန်ဝင်ကြေး ငွေကျပ် သိန်းသုံးသောင်းခန့် ကောက်ခံရရှိ



ကျိုက်ထို ၁၃-၁၂-၂၀၁၇

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်သို့ လေးနှစ်တာ ကာလအတွင်း နိုင်ငံခြားခရီးသွားဧည့်သည်များ လာရောက်မှုမှ စုစုပေါင်းဇုန်ဝင်ကြေး မြန်မာငွေကျပ် သိန်းသုံးသောင်းခန့် ကောက်ခံရရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၂၆ ရက်အထိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ လာရောက်သော နိုင်ငံခြားခရီးသွား ဧည့်သည်များထံမှ စုစုပေါင်းဇုန်ဝင်ကြေး မြန်မာငွေကျပ်သိန်းပေါင်း
၂၉၆၈၇ ကျော် ကောက်ခံရရှိခြင်း ဖြစ်သည်။

ထို့ပြင် ယခုနှစ်အတွက် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်ပေါ်နှင့် အနီးပတ်ဝန်းကျင်ရှိ စားသောက်ဆိုင်များ၊ ရေချိုးခန်းနှင့်အိမ်သာ စသည့်စီးပွားရေး လုပ်ငန်း ၉၄ ခုမှ လုပ်ငန်းလိုင်စင်ကြေး ငွေကျပ် ၂၂ သိန်းကျော်နှင့် တည်းခိုခန်း လုပ်ငန်းရှစ်ခုမှရရှိသော လုပ်ငန်းလိုင်စင်ကြေး ငွေကျပ် ၁ဝ သိန်းကျော်ကို မွန်ပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာငွေထဲသို့ ထည့်သွင်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် ဈေးဆိုင်များ၊ ဟိုတယ်များ၊ တည်းခိုခန်းများနှင့် တောင်တက်မော်တော်ယာဉ် လုပ်ငန်းများမှ ပေးဆောင်ရသော ဝင်ငွေခွန်များနှင့် ကုန်သွယ်ခွန်များကို ပြည်ထောင်စု ဘဏ္ဍာငွေထဲသို့ ထည့်သွင်းရပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်က အခွန်ငွေငွေကျပ်သိန်းပေါင်း ၂၅၅ဝ ရရှိကြောင်း သိရသည်။

ယခင်က ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်၏ ဇုန်ဝင်ကြေးအဖြစ် နိုင်ငံခြားခရီးသွား ဧည့်သည်တစ်ဦးလျှင် ငွေကျပ်ခြောက်ထောင် သတ်မှတ်ကောက်ခံခဲ့သော်လည်း ယခုနှစ် အောက်တိုဘာ ၅ ရက်မှစ၍ နိုင်ငံခြားခရီးသွား ဧည့်သည်တစ်ဦးလျှင် ငွေကျပ်တစ်သောင်းသို့ တိုးမြှင့်ကောက်ခံကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment