Pages

▼

Wednesday, March 15, 2017

ရန်ကုန်တိုင်းဒေသကြီး အတွင်း ရှုပ်ထွေးဆားဗစ်ကြိုးများ ရှင်းလင်းမှုတွင် နေရာပေါင်း ၇၂၄ ခုကျန်ရှိနေ



ရန်ကုန် ၊ ၁၅-၃-၂၀၁၇

ရန်ကုန်တိုင်းဒေသကြီး အတွင်း လျှပ်စစ် ဆားဗစ်ကြိုးများ ရှုပ်ထွေးနေသဖြင့် ရှင်းလင်းမှုများ လုပ်ဆောင်နေပြီး လက်ရှိတွင် နေရာပေါင်း ၇၂၄ ခု ကျန်ရှိနေသေး သည့်အတွက် ဆက်လက် ဆောင်ရွက် နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပိုရေးရှင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ လျှပ်စစ် ဆားဗစ်ကြိုးများ ရှင်းလင်းမှု အနေဖြင့် ရန်ကုန်မြို့တွင်း လုပ်ဆောင်ရမည့် နေရာပေါင်း ၁၁၉၁ ခုရှိသည့်အနက် ၄၆၇ နေရာ ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း၊ ဘဏ္ဍာနှစ် အလိုက် ပြင်ဆင် ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဘတ်ဂျက်ငွေ ရရှိမှုပေါ် မူတည်၍ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းဘဏ္ဍာနှစ် အလိုက် ဓာတ်အားခွဲရုံများ တိုးချဲ့ခြင်း၊ ဓာတ်အားလိုင်း ကြိုးများ လဲလှယ်ခြင်း၊ ဓာတ်အားလိုင်း ကြွေသီးများ လဲလှယ်ခြင်း၊ သစ်သားလက်ရန်း အစား သံလက်ရန်းများ အစားထိုး လဲလှယ်ခြင်း၊ သစ်သားတိုင် များအစား ကွန်ကရစ်တိုင်များ အစားထိုး လဲလှယ်ခြင်းများ ကိုလည်း ပြုလုပ်လျက် ရှိကြောင်း၊ အလားတူ သုံးစွဲမှု ပေါ်မူတည်၍ ခံနိုင်ရည်ရှိသည့် ကြိုးများ အစားထိုး လဲလှယ်မှု ပြုလုပ်ပေးလျက် ရှိကြောင်း သိရသည်။

ယခုကဲ့သို့ လျှပ်စစ် ဆားဗစ်ကြိုးများ ရှင်းလင်းခြင်း လုပ်ငန်းများကို ရန်ကုန်တိုင်း ဒေသကြီး ၌သာမက ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ၌လည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ဆားဗစ်ကြိုးများ ရှင်းလင်းရာတွင် နေရာပေါင်း ၁ဝ၁၁၈ နေရာရှိသည့် အနက် ၃၃ဝ၁ နေရာဆောင်ရွက်ပြီးစီး ခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆားဗစ်ကြိုးများ ရှင်းလင်းရန် နေရာပေါင်း ၆၈၁၇ နေရာကျန်ရှိ နေသေးကြောင်း၊ မန္တလေးတိုင်း ဒေသကြီး၌ ၂၂၂ဝ နေရာရှိသည့် အနက် ၁ဝ၆၃ နေရာ ဆောင်ရွက်ပြီးစီး ခဲ့ပြီး ၁၁၅၇ နေရာ ကျန်ရှိနေသည့်အတွက် ဆက်လက် လုပ်ဆောင်လျက် ရှိကာ ကျေးလက်ဒေသ များ၌လည်း လျှပ်စစ်ဓာတ်အား သွယ်တန်းရေး လုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment