Pages

Friday, October 14, 2016

စလင်းမြို့ မြောက်လေးစဉ် သစ်သားရုပ်စုံကျောင်းတော်ကြီး နှင့် ရှင်ပင်နရဘန် စေတီ ပရိဝုဏ် အတွင်းမှ ရှေးမူလက်ရာများ ပျက်စီး ပျောက်ကွက်မည့် အခြေအနေဖြင့် ရင်ဆိုင်နေရ



စလင်း ၊ ၁၄-၁၀-၂၀၁၆

မကွေးတိုင်း ဒေသကြီး စလင်းမြို့ရှိ ရှေးဟောင်း အမွေအနှစ် ဖြစ်သည့် မြောက်လေးစဉ် သစ်သားရုပ်စုံ ကျောင်းတော်ကြီး နှင့် ရှင်ပင်နရဘန် စေတီပရိဝုဏ် အတွင်းမှ ရှေးမူလက်ရာ များနှင့် ရှေးဟောင်း နံရံဆေးရေး ပန်းချီများ ပျက်စီး ပျောက်ကွယ်မည့် အခြေအနေဖြင့် ရင်ဆိုင် နေရကြောင်း စလင်းမြို့ အတွင်းရှိ ရပ်မိရပ်ဖ ဒေသခံပြည်သူများ ထံမှ သိရသည်။

အဆိုပါ ကျောင်းတော်ကြီး သည် လေဒဏ်၊ မိုးဒဏ် သဘာဝဘေး အန္တရာယ် များကြောင့် ပိုမိုပျက်စီး ယိုယွင်းလာရာ ၂ဝဝ၃ ခုနှစ်က နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် ပြုပြင် မွမ်းမံခြင်းများကို မန္တလေးမြို့ရှိ နန်းမြို့မြန်မာ့ ပန်းပုလုပ်ငန်းက တာဝန်ယူ ပြုပြင်ခဲ့သည်။

နောက်ပိုင်း ထိန်းသိမ်းပြုပြင် နိုင်ခြင်းမရှိ သောကြောင့် လက်ရှိ အခြေအနေတွင် တိုင်လုံးများသည် မြေအတွင်း ကျွံဝင်လာခြင်း၊ အင်္ဂတေများ ကွာကျလာခြင်းနှင့် သစ်သားများ ဆွေးမြည့် လာခြင်းများ ဖြစ်ပေါ်နေခြင်း ကြောင့် ဆောလျင်စွာ ထိန်းသိမ်းရန် လိုအပ်လျက် ရှိသည်။

ထို့ပြင် ရှင်ပင်နရဘန် စေတီပရိဝုဏ် အတွင်းရှိ ရှေးဟောင်းနံရံ ဆေးရေးပန်းချီ များသည် ရာသီဥတုဒဏ် နှင့် အပူရှိန်များကြောင့် ဆေးများ ကွာကျလာကာ ရုပ်ပုံများ ပျက်စီးလျက် ရှိကြောင်း သိရသည်။

ယင်း ကျောင်းတော်ကြီးကို တိုင်အလုံး ပေါင်း ၂၄၅ တိုင်ဖြင့် တည်ဆောက် ထားပြီး တိုင်အကြီး တစ်လုံးလျှင် လုံးပတ် ၄ ပေ ၄ လက်မ၊ တိုင်အသေး တစ်လုံးလျှင် ၂ ပေ ၂ လက်မရှိကြောင်း၊ အမြင့်ပေ ၁ဝဝ အထိ ရှိကာ အရှေ့အနောက် အလျား ၁၇၈ ပေ ၈ လက်မ၊ တောင်မြောက် အလျား ၇၅ ပေရှိပြီး ဘုရားဝန်းခေါ် ပြာသာဒ်ဆောင်၊ အလယ်ဝန်းခေါ် ဓနုဆောင် နှင့် ကျောင်းမကြီးခေါ် ဇေတဝန်ဆောင် အဆောင်သုံးမျိုး ဖြင့်တည်ဆောက် ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment