Pages

▼

Sunday, February 7, 2016

မြန်မာနိုင်ငံရှိ အင်္ဂလိပ်ခေတ် ဘုရင်ခံအိမ်တော်များ


ပြင်ဦးလွင်မြို့ရှိ ဘုရင်ခံအိမ်တော်ကို တွေ့ရစဉ်

( သတင်းဆောင်းပါး သက်နိုင်- ပြင်ဦးလွင် )

အင်္ဂလိပ်နယ်ချဲ့ တို့သည် မြန်မာနိုင်ငံကို ၁၈၂၄-၁၈၂၆ ခုနှစ် ပထမကျူးကျော်စစ် အပြီးတွင် ရခိုင်နှင့် တနင်္သာရီကို သိမ်းပိုက်လိုက်သည်။ ထို့ နောက် ဝန်ရှင်တော် မင်းကြီးတစ်ဦးစီ ခန့်ထားပြီး  ဘင်္ဂလားနယ် ဘုရင်ခံ၏ လက်အောက်တွင် ထား၍ အုပ်ချုပ်စေသည်။ တစ်ဖန် ၁၈၅၂ ခုနှစ်တွင် ဒုတိယ ကျူးကျော်စစ်ဖြင့် ပဲခူးတိုင်းကို ထပ်မံ ရရှိကာ ဝန်ရှင်တော်မင်းကြီး တစ်ဦးကို ထပ်မံ ခန့်ထား အုပ်ချုပ်ခဲ့သည်။ ၁၈၆၂ ခုနှစ်တွင် ရခိုင်ပြည်နယ်၊ တနင်္သာရီ၊ ပဲခူးတိုင်းတို့ကို ပူးပေါင်း၍ ဗြိတိသျှ ဘားမားဟု ခေါ်တွင်စေလျက် အင်္ဂလိပ် လူမျိုး ဆာအာသာဖဲယာ ကို မဟာဝန် ရှင်တော်မင်းကြီးအ ဖြစ် ခန့်အပ် စေခဲ့သည်။ ၁၈၈၅ ခုနှစ် တတိယ ကျူးကျော်စစ် အပြီးတွင် မြန်မာနိုင်ငံကို ကိုလိုနီစနစ် အတွင်း သွတ်သွင်းကြောင်း ၁၈၈၆ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကြေညာခဲ့ပြီး ဗိုလ်မှူးကြီး စလေဒင် သည် ကင်းဝန်မင်းကြီး ဦးဆောင်သော လွှတ်တော်ဝန်ကြီး များနှင့် အထက် မြန်မာနိုင်ငံကို သုံးလမျှ အုပ်ချုပ်ခဲ့သည်။ ထို့နောက် မြန်မာ တစ်နိုင်ငံလုံးကို အထက်အောက် ပူးပေါင်း၍ အိန္ဒိယ နယ်ပယ် အုပ်ချုပ်ရေး စနစ်အရ မဟာဝန်ရှင်တော် မင်းကြီး တစ်ဦးဖြင့် စီမံအုပ်ချုပ် စေခဲ့သည်။

၁၈၉၇ ခုနှစ်တွင် မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံ၏ ပြည်နယ်ကြီး အဆင့်သို့ တိုးမြှင့်သတ်မှတ် ခဲ့ပြီး ဒုတိယ ဘုရင်ခံ ခန့်ထားကာ အုပ်ချုပ်စေခဲ့သည်။ ထိုအချိန်မှစပြီး မြန်မာနိုင်ငံတွင် ဘုရင်ခံ အိမ်တော်များ ပေါ်ပေါက် လာခဲ့သည်။ အင်္ဂလိပ်တို့သည် ဘုရင်ခံများ၊ ဒုတိယဘုရင်ခံများ ရုံးစိုက်ရန် အတွက် ရန်ကုန်မြို့ အလုံလမ်းတွင် ကြီးကျယ် ခမ်းနားသော တိုက်တာ အဆောက်အအုံကြီး တစ်ခုကို တည်ဆောက် ခဲ့သည်။

ထိုဘုရင်ခံ အိမ်တော်ကြီးတွင် မဟာဝန်ရှင်တော် မင်းကြီးများ၊ ဒုတိယ ဘုရင်ခံများနှင့် ဘုရင်ခံများ အဆက်ဆက် နေထိုင်ခဲ့ကြပြီး နောက်ဆုံး ဘုရင်ခံဖြစ်သည့် ဆာဟူးဘတ်ရန့်(စ်) (၁၉၄၆-၁၉၄၈) လက်ထက် ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့၍ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ကို ပြန်လည် ပေးအပ်သည့် အခမ်းအနားကို ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် နံနက် ၄ နာရီ မိနစ် ၂ဝ အတွင် ထိုဘုရင်ခံ အိမ်တော်ရှေ့၌ပင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ နောက်ဆုံးဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်) နှင့် မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတြ ဖစ်သော ညောင်ရွှေ စော်ဘွားကြီး စဝ်ရွှေသိုက် တို့ တက်ရောက်ခဲ့ကြပြီး အင်္ဂလိပ် ယူနီယံဂျက် အလံကို ဖြုတ်ချပြီး မြန်မာနိုင်ငံ အလံ တော်ကို လွှင့်ထူနိုင်ခဲ့သည်။

အဆိုပါ ဘုရင်ခံ အိမ်တော်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတ အဆက်ဆက် တို့ နေထိုင်ခဲ့ကြပြီး မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် တွင် ဘုရင်ခံအိမ်တော် အဆောက်အအုံကို ဖြိုချခဲ့ပြီးနောက် သမ္မတ အိမ်တော် အသစ်ကို ထပ်မံတည် ဆောက်ခဲ့သည်။

မန္တလေးမြို့မှ ဘုရင်ခံအိမ်တော်

အင်္ဂလိပ်တို့သည် အထက်မြန်မာ နိုင်ငံ မန္တလေးကို သိမ်းပိုက်အပြီး မန္တလေး နန်းတွင်းရှိ မြန်မာ့တော်ဝင် အဆောက်အအုံ များတွင် နေရာယူ ရုံးစိုက်ခဲ့ကြသည်။ နန်းတွင်းမြောက်ဘက် မျက်နှာစာ စည်သာ တံခါးမကို မျက်နှာမူ တည်ဆောက် ထားသော မြေနန်းပြာသာဒ် ဆောင်သည် ဘုရင်ခံဆား ချားလ်ကရော့စ်ဝိတ် (Sir Charle Crothwait) (၁၈၈၇-၁၈၉ဝ) ထိ နေ ထိုင်ခဲ့သော အိမ်တော်ဖြစ်ခဲ့သည်။ ဘုရင်ခံအိမ်တော် ဖြစ်ခဲ့ရသော ဘုံမြင့် ပြာသာဒ်ဆောင် ၏ ဝဲယာရှိ မြန်မာ့ ရှေးခေတ် အဆောက်အအုံ တို့သည်လည်း ဘုရင်ခံ၏ ဝန်ထမ်းများ နေထိုင်သည့် အဆောင်များ အဖြစ် ပြောင်းလဲ သွားခဲ့ရသည်။

၁၉၄၂ခုနှစ် ဒုတိယ ကမ္ဘာစစ်ဖြစ် ပွားသောအခါ ဂျပန်လေတပ်မှ တစ်ကြိမ်၊ ၁၉၅၄ ခုနှစ်တွင် ဗြိတိသျှလေတပ်မှ တစ်ကြိမ် နန်းတွင်း တစ်ခုလုံးကို ဗုံးကြဲတိုက်ခိုက် ဖျက်ဆီးခဲ့ကြ သဖြင့် မီးလောင်ပြာကျခဲ့ရာ မန္တလေး ဘုရင်ခံ အိမ်တော်မှာ ပျက်စီးဆုံးရှုံး ခဲ့ရသည်။

မေမြို့မှ ဘုရင်ခံအိမ်တော်

အင်္ဂလိပ်-မြန်မာ ကျူးကျော်စစ် အပြီး တွင် မန္တလေးမြို့ကို သိမ်းပိုက်ခံခဲ့ ရပြီးနောက် မေမြို့ကိုလည်း တစ်ဆက်တည်း သိမ်းပိုက်ခဲ့သည်။ ၁၈၉၆ ခုနှစ် တွင် မေမြို့ကို အင်္ဂလိပ်တို့၏ နွေရာသီ ဘုရင်ခံ ရုံးစိုက်ရန်နှင့် အပန်းဖြေ အနား ယူရန်အတွက် တောင်စခန်းမြို့ အဖြစ် တည်ဆောက်ခဲ့ ကြသည်။ ၁၈၉၇ ခုနှစ် တွင် ယခင်တည်ရှိ နေခဲ့သော ရှမ်းဓနု ရွာလေးဖြစ်သည့် ပြင်ဦးလွင်ရွာ အမည် အစား မေမြို့ဟု တရားဝင် ပြောင်းလဲခဲ့ သည်။ ၁၉ဝ၃-၁၉ဝ၅ ခုနှစ်တို့တွင် ဘုရင်ခံများ ရုံးစိုက်ရန်နှင့် နေထိုင်ရန် ဘုရင်ခံ အိမ်တော်ကို တည်ဆောက် ခဲ့သည်။ မေမြို့ဘုရင်ခံ အိမ်တော်မှာ ဧကတစ်ရာကျော် ခြံဝင်းအတွင်း တည်ရှိပြီး ရန်ကုန်၊ မန္တလေး ဘုရင်ခံအိမ် တော်များထက် ပိုမိုသာယာ လှပပြီး ကြီးကျယ်ခမ်းနား ခဲ့သည်။

အိမ်တော် တည်ဆောက်ပြီး ပထမဆုံး နေထိုင်ခဲ့သော ဘုရင်ခံမှာ Sir. A.H. Barnes (၁၉ဝ၃-၁၉ဝ၅)ခုနှစ်ဖြစ်၍ နောက်ဆုံး နေထိုင်သွားသော ဘုရင်ခံ မှာ Sir.Dorman Smith (၁၉၄၁- ၁၉၄၂) ခုနှစ်ဖြစ်ခဲ့သည်။ ဘုရင်ခံ ဆာဒေါ်မန်စမစ် သည် ၁၉၄၂ ခုနှစ် ဧပြီလ တွင် အိမ်တော်ကြီးကို စွန့်ခွာထွက်သွား ပြီးနောက် ဘုရင်ခံ အိမ်တော်ကြီး မှာလည်း မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ရ ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။

ကျမ်းကိုး- 

-အခြေခံကျောင်းသုံးစာအုပ်ကော်မတီ
-မေမြို့ချစ်ဆွေ၏ သမိုင်းဝင်ဖြစ်စဉ်

ရတနာပုံနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment