Pages

▼

Thursday, December 3, 2015

ပေကျင်းတွင် မီးခိုးမြူများ ဖုံးလွှမ်းမှု လိမ္မော်ရောင် အဆင့်ထိရောက်ရှိ



ပေကျင်း ၊ ၃-၁၂-၂၀၁၅

တရုတ်နိုင်ငံ ပေကျင်းတွင် နိုဝင်ဘာ ၂၉ ရက်က စတင်ကာ မီးခိုးမြူများ စတင်ဖုံးလွှမ်း ခဲ့ပြီး ယခုနှစ်အတွက် အမြင့်ဆုံး အဆင့်သို့ ရောက်ရှိနေကာ လိမ္မော်ရောင် အဆင့် သတ်မှတ် ထားသည်ဟု တရုတ် မိုးလေဝသ ဌာနက ထုတ်ပြန် ကြေညာ ခဲ့ကြောင်း သိရသည်။

ပေကျင်း အပါအဝင် တရုတ်နိုင်ငံ၏ အဓိကမြို့ကြီး များတွင် မီးခိုးမြူများ ဖုံးလွှမ်းနေပြီး မီးခိုးမြူ ဖုံးလွှမ်းမှု အဆင့်မှာ ကျန်းမာရေး ထိခိုက် စေနိုင်သည့် အခြေအနေ ထိ ဖြစ်နေကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း ကလည်း သတိပေး သွားခဲ့သည်။ တရုတ်မီဒီယာ အသီးသီး ကလည်း မီးခိုးမြူ ဖုံးလွှမ်းမှု လိမ္မော်ရောင် အဆင့် ဖြစ်နေသော ကြောင့် နိုင်ငံတစ်ဝန်းရှိ စက်ရုံများ အနေဖြင့် စက်လည်ပတ်မှု များကို ချက်ချင်း ရပ်တန့်သင့်ကြောင်း တောင်းဆို ရေးသားမှုများ ပြုလုပ်လျက် ရှိသည်။

ပေကျင်းရှိ အမေရိကန် သံရုံး၏ ထုတ်ပြန်ချက် အရ တရုတ်နိုင်ငံ အချို့သော ဒေသများတွင် မီးခိုးမြူ ဖုံးလွှမ်းမှုမှာ မိုက်ခရို ကုဗမီတာ ၄ဝဝ ထိ ရှိနေသောကြောင့် အဆိုပါ နှုန်းထားမှာ လူသားများကို အဆိပ်သင့် စေသည့် ပမာဏ ဖြစ်နေသည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း ၏ သတ်မှတ်ချက် အရ ၂၅ မိုက်ခရို ကုဗမီတာသည် လူသားများ အတွက် လုံခြုံသော ပမာဏ ဖြစ်သော်လည်း လက်ရှိဖြစ်ပေါ် နေသော ပမာဏမှာ အဆိပ်သင့် စေသည့်ထိ ဖြစ်နေသည်။

တရုတ်အစိုးရ အဖွဲ့က လည်း ကျောက်မီးသွေး စွမ်းအင်သုံး စက်ရုံများ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များကို ပိတ်သိမ်းရန် သတိပေးပြီး ဖြစ်သည်။

တရုတ် အရှေ့မြောက် ဘက်ပိုင်း ဒေသတွင် ကျောက်မီးသွေး စွမ်းအင်သုံး စက်ရုံ အများအပြား တည်ရှိနေပြီး သတ္တုမိုင်း တွင်းပေါင်း များစွာလည်း တည်ရှိနေသည်။ အဆိုပါ ဒေသများတွင် ကမ္ဘာ့လေထု ညစ်ညမ်းမှု အဆိုးရွားဆုံး အဆင့်ဖြစ်သည့် မိုက်ခရို ကုဗမီတာ ၁၄ဝဝ ထိ ရောက်ရှိနေပြီး အထူးသဖြင့် ကျောက်မီးသွေး မိုင်းတွင်းများ ပေါများသော ရှန်ယန်ဒေသ တွင် လေထု ညစ်ညမ်းမှု အဆိပ်သင့် အဆင့်ထိ ရောက်ရှိနေသည်။

တရုတ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန် ကြေညာချက် အရ နိုင်ငံတွင် အဓိက မြို့ကြီး ၇၄ မြို့ရှိသည့်အနက် သတ်မှတ် လေထု သန့်စင်မှု အဆင့်အတန်း ကိုမီသော မြို့မှာခုနစ်မြို့ သာ ရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၀)

No comments:

Post a Comment