Pages

Thursday, July 16, 2015

အင်းလေးရေပေါ် ခရမ်းချဉ်စိုက် တောင်သူများ ယခင်နှစ်ကထက် ဈေးကောင်းရ



ညောင်ရွှေ ၊ ၁၆-၇-၂၀၁၅

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဒေသ တစ်ဝိုက် ရေပေါ်ကျွန်းမျော စိုက်ခင်းများရှိ ခရမ်းချဉ်စိုက် တောင်သူများ အနေဖြင့် ယမန်နှစ်က အချိန်ထက် ခရမ်းချဉ်သီး ဈေးမှာ လေးဆခန့် ပိုမိုရရှိ နေသောကြောင့် အဆင်ပြေလျက် ရှိကြောင်း သိရသည်။

၂ဝ၁၄-၂ဝ၁၅ ခုနှစ် စိုက်ပျိုးရာသီ အတွင်း တစ်တင်းလျှင် ငွေကျပ် ၆ဝဝဝ မှ အမြင့်ဆုံး ငွေကျပ် ၁၈ဝဝဝ သာရရှိခဲ့၍ အရှုံးပေါ်ကာ အချို့မှာ အရင်း အတိုင်းသာ ကျန်နေခဲ့ ကြသည်။

''ဒီနှစ်က ဝါထပ်လို့ မိုးဦး နောက်ကျပြီး မိုးခေါင်တာက တစ်ကြောင်း၊ ကန်အရှေ့နဲ့ အနောက်ခြမ်း ကုန်းခရမ်းချဉ် တွေ မိုးမျှော်ပြီး စိုက်ချိန် နောက်ကျ ခဲ့တာကြောင့် သီးထွက် နောက်ကျပြီး ကျွန်တော်တို့လို ရေပေါ် ကျွန်းမျောစိုက် တောင်သူတွေ အတွက် ဈေးကောင်းရ ခဲ့တာ ဖြစ်ပါတယ်။ မနှစ်က ဒီအချိန်ဆို ပိဿာချိန် ၃ဝ ခန့် တစ်တင်းကို ငွေကျပ် ၆ဝဝဝ ပဲ ရခဲ့တယ်။ အခု တစ်တင်းကို ငွေကျပ် ၄ဝဝဝဝ ကနေ ၄၈ဝဝဝ နဲ့ ရောင်းမလောက် ဘူး။ လက်လီဈေး တစ်ပိဿာကို ငွေကျပ်၂ဝဝဝ ရနေမှတော့ ဖောက်သည် ပေးတဲ့ ကျွန်တော်တို့ရော ရောင်းသူတွေပါ အကုန်အဆင် ပြေကြပါတယ်'' ဟု မင်းချောင်း ကျေးရွာ ရေပေါ် ခရမ်းချဉ်စိုက် တောင်သူ တစ်ဦးက ပြောပြသည်။

ဒေသတွင်း ဈေးကွက်များ ၌သာမက မန္တလေးမြို့သို့ ပိဿာ ၂ဝ ဆံ့ သေတ္တာ တစ်လုံးလျှင် ကားခငွေကျပ် ၁၂ဝဝ၊ ရန်ကုန်သို့ ၁၈ ပိဿာဆံ့ သေတ္တာ တစ်လုံးလျှင် ကားခငွေကျပ် ၁၅ဝဝ ဖြင့် တင်ပို့ရကြောင်း၊ နှစ်ပတ်လည် ရာသီချိန် ရှစ်လတာ ကာလအတွင်း ပွဲရုံ တစ်ရုံလျှင် ကုန်ချိန် ခုနစ်သိန်းကျော် တင်ပို့နိုင်သည်။ ခရမ်းချဉ် သီးနှံ အဓိက အရောင်းအဝယ် လုပ်သည့် ညောင်ရွှေမြို့ပေါ် တစ်ခုတည်း မှာပင် ပွဲရုံပေါင်း ၆ဝ ကျော်ခန့် ရှိကြောင်း ညောင်ရွှေမြို့ ဖောင်တော်ဆိုက် လမ်းရှိ ခရမ်းချဉ်ပွဲရုံ ပိုင်ရှင် တစ်ဦးက ပြောပြ၍ သိရသည်။ (၁၇၅)

#Yadanarpondaily

No comments:

Post a Comment