Pages

Thursday, July 16, 2015

အာဇာနည်ကြီးများကို ကြည်ညိုလေးစားသည် ဆိုပါလျှင်


အာဇာနည်ကြီးများကို ကြည်ညိုလေးစားသည် ဆိုပါလျှင်

ဘုန်းမောင်ဝင်း (ဖျာပုံ)

ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ကြီးများ ကျဆုံး ခဲ့သည်မှာ (၆၈)နှစ်သို့ တိုင်ခဲ့လေပြီ။ လွန်ခဲ့သော ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း နှင့် ဝန်ကြီးများ ဖြစ်ကြသော သခင်မြ၊ မန်းဘခိုင်၊ ဒီးဒုတ် ဦးဘချို၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မိုင်းပွန် စော်ဘွားကြီး စဝ်စံထွန်း၊ အတွင်းဝန် ဦးအုန်းမောင်နှင့် သက်တော်စောင့် ကိုထွေးတို့ကို လူသတ်သမား တစ်စုက ရက်ရက်စက်စက် သတ်ဖြတ် သွားခဲ့ကြသည်။ ထိုသတင်းကို ကြားရသူတိုင်း က အသည်းနှလုံး တဆတ်ဆတ် ခါလောက်အောင် ထိခိုက်နာကျင် ကြသည်။ မဟုတ်မမှန် ပါစေနဲ့၊ လွဲပါစေ၊ ဖယ်ပါစေ ဆုတောင်း ကြသော်လည်း သတင်းက သတင်းမှန် ဖြစ်နေသည်။

''ရက်စက်လိုက်တဲ့ သူတွေ၊ ဗိုလ်ချုပ်လို လူကိုမှ သတ်ရက် လိုက်ကြတာ၊ တိုင်းပြည်အတွက် ကောင်းတာ လုပ်နေတဲ့သူကို ဘာရန်ငြိုးနဲ့ သတ်ရတာလဲ၊ လွတ်လပ်ရေး ရဖို့ လက်တစ်ကမ်း အလိုတွင်မှ ဖြစ်ရလေခြင်း'' ဟူသော ဝမ်းနည်း ဒေါသ ယူကျုံးမရ ပြောဆိုနေသံ များကို မြန်မာပြည် အနှံ့အပြား ကြားနေ ရသည်။ ဗိုလ်ချုပ် အောင်ဆန်း က သူ့မှာ ရန်သူမရှိ ဟု ယုံကြည်ထားသည်။ ဂဠုန်ဦးစော တို့အဖွဲ့၏ လှုပ်ရှားမှု သတင်းတွေ ကိုလည်း ဗိုလ်ချုပ် ကြိုတင်ကြားသိ ခဲ့သည်။ တိုင်းပြည် လွတ်လပ်ရေး အတွက်မှ လွဲပြီး အခြား ဘာကိုမှ ဗိုလ်ချုပ် စိတ်မဝင်စား ခဲ့ပေ။ သေမှာ မကြောက်သူမို့ ရက်ရက် စက်စက် အသတ်ခံ လိုက်ရသည်။

တကယ်တော့ ဗိုလ်ချုပ် အောင်ဆန်း နှင့် ဝန်ကြီးများ လုပ်ကြံ ခံရခြင်း၏ တရားခံ အစစ်သည် နယ်ချဲ့ အင်္ဂလိပ် တို့သာ ဖြစ်သည်။ နေမဝင် အင်ပါယာဟု ကြွေးကြော် ထားပြီး စည်းကမ်း စနစ်ကြီး လှသည်ဟု ဆိုသော အင်္ဂလိပ် စစ်တပ်မှ လက်နက်တို့သည် ပျောက်ဆုံးနိုင်စရာ အကြောင်းမရှိပါ။ လက်နက်များ အခိုးခံရသည်။ စာရွက်စာတမ်း အတုဖြင့်  ထုတ်ယူ သွားသည် ဆိုသောသတင်း များသည် သတင်းလိမ် များသာ ဖြစ်ပါလိမ့်မည်။ လယ်ပြင်တွင် ဆင်သွား သကဲ့သို့ ထင်ရှားသည် မှာကတော့ သူတို့သည် အကြံပက်စက် လူသတ်သမား ဂဠုန် ဦးစောကို ဝိုင်းဝန်းပံ့ပိုး ပေးခဲ့သည်မှာ ထင်ရှားလွန်းလှသည်။ အင်္ဂလိပ်တို့သာ လက်နက်တွေ ထုတ်မပေး ခဲ့လျှင် အာဇာနည်နေ့ ဟူ၍ ဖြစ်ပေါ် မလာနိုင်ပါ။ အာဏာရူး ဂဠုန်ဦးစော အနေဖြင့်လည်း ဤမျှအထိ ရက်ရက်စက်စက် မပြုမူသင့်ပါ။

မြန်မာနိုင်ငံကို ကျွန်ပြု ခဲ့သည်မှာ အင်္ဂလိပ် နယ်ချဲ့တို့ ဖြစ်သလို လွတ်လပ်ရေး ဗိသုကာကြီးကို လုပ်ကြံ စေသည်မှာလည်း အင်္ဂလိပ် တို့ပင် ဖြစ်သည်။ ယနေ့တိုင် ပြည်တွင်း စစ်မီးများ တောက်လောင် နေသည် မှာလည်း အင်္ဂလိပ်တို့ ၏ သွေးခွဲ အုပ်ချုပ်ခဲ့မှု စနစ်ဆိုး ကြောင့်ဖြစ်သည်။ တွေးမိတိုင်း အသည်း နာသည်၊ အမျိုးပါ ဆဲချင်ပေါ့လေး လို့သာ အော်ဟစ် လိုက်ချင်သည်။ အောင်ဆန်း -အက်တလီ စာချုပ် ချုပ်ဆိုပြီး မြန်မာပြည်ကြီး တစ်နှစ် အတွင်းမှာ လွတ်လပ်ရေး ရမယ်လို့ ရဲရဲတောက် ပြောနေသော ဗိုလ်ချုပ် အောင်ဆန်း ကို ပြည်သူ တစ်ရပ်လုံးက လက်ခုပ်သံတွေ တဖြောင်းဖြောင်းနဲ့ ကြိုဆို နေသည်ကို ကြည့်မရ၍ လုပ်ကြံ လိုက်ကြခြင်း ဖြစ်သည်။

ဗိုလ်ချုပ် အောင်ဆန်း နှင့်တကွ ကျဆုံး လေပြီးသော အာဇာနည် ခေါင်းဆောင် ကြီးများကို ထာဝရ သတိရ နေကြသလို လူသတ်သမား ဦးစော ဆိုသူကိုလည်း မေ့လို့ မရပေ။ ဦးစောကို မေ့လို့ မရသည်မှာ ယနေ့ ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် တွင် ဦးစောလို လူမျိုး ပေါ်ပေါက် လာမှာကို စိုးရိမ်မိ၍ ဖြစ်လေသည်။ ဗိုလ်ချုပ် အောင်ဆန်း လို ပုဂ္ဂိုလ်မျိုး အယောက် တစ်သိန်း ပေါ်ပေါက် လာစေချင် သလို ဦးစောလို လူမျိုး တစ်ယောက် တလေ ပေါ်လာ မှာကို စိုးရိမ်မိသည်။ ဦးစောသည် နယ်ချဲ့ လက်ပါးစေ၊ သစ္စာဖောက် ပုဆိန်ရိုး ဖြစ်သည်။ တိုင်းပြည် အကျိုးထက် မိမိအာဏာ ရရှိရေးကိုသာ တွေးဆ တတ်သူဖြစ်သည်။ ပဒေသရာဇ် ခေတ်က ဘုရင်ကို သတ်သူ ဘုရင် ဖြစ်နိုင်သော်လည်း သည်ဘက်ခေတ် တွင် လူသတ်သမား သည် သေဒဏ်ကျခံ ရုံကလွဲ၍ ဘာမှ ဖြစ်မလာ နိုင်ပေ။

ဂဠုန်ဦးစော၏ အန္တရာယ်ကို သခင်စိုးက ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ထုတ် ပြည်သူ့အာဏာ ဂျာနယ်တွင် ဖော်ပြ ခဲ့ဖူးသည်။ ''ဗြိတိသျှ အစိုးရသည် အင်္ဂလန်၊ ဂျာမနီ၊ ဂျပန်၊ တရုတ်၊ အင်ဒိုချိုင်းနား နှင့် အင်ဒိုနီးရှား တိုင်းပြည် များတွင် တိုင်းသူပြည်သား တို့၏ လွတ်လပ်ရေး လုပ်ငန်းများကို ချိုးဖျက်ရန် ရည်ရွယ်ချက်ဖြင့် ဖက်ဆစ်များနှင့် သူလျှိုများကို ပြန်၍ အာဏာ ပေးခဲ့သလို ယခုလည်း မြန်မာ တိုင်းသူပြည်သား တို့၏ လွတ်လပ်ရေး လုပ်ငန်း ကိုလည်း အကြမ်းဖက်၍ ဖိနှိပ် ချိုးနှိမ်ရန် ဦးစော ကို လွှတ်ပေး လိုက်သည်မှာ သေချာပေပြီ'' ဟု ဝေဖန်သုံးသပ် ခဲ့သည်။ ထိုစဉ်က သခင်စိုး သုံးသပ်ခဲ့ သည့် အကြောင်းရင်း မှာလည်း ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ တွင် ဦးစောသည် အာဖရိက တိုက်ရှိ ဗြိတိသျှ အကျဉ်းထောင်မှ လွတ်မြောက်ခဲ့ပြီး မြန်မာပြည် သို့ ပြန်လာချိန် ဖြစ်သည်။ သခင်စိုး၏ သုံးသပ်ချက်များ မှန်ကန်ကြောင်း ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ အဖြစ်အပျက် က သက်သေပြခဲ့ လေသည်။

ထိုနေ့..၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် စနေနေ့။

နံနက်လင်း ကတည်းက မိုးကရွာလိုက်၊ စဲလိုက်၊ တဖွဲဖွဲ ကျလိုက် ဖြစ်နေသည်။ ဗိုလ်ချုပ် အောင်ဆန်း သည် ရွှေဖလားရောင် ဗန်ကောက်လုံချည်၊ မန္တလေး ပိုးတိုက်ပုံဖြင့် မြန်မာဝတ်စုံကို ဝတ်ဆင်ကာ သူ၏ ကိုယ်ရေး အရာရှိ တက္ကသိုလ် နေဝင်း (ဗိုလ်ထွန်းလှ) နှင့်အတူ အတွင်းဝန်ရုံး၌ ကျင်းပမည့် အစည်းအဝေးသို့ RA 2874 အနက်ရောင် ကားလေးဖြင့် နံနက် ၁ဝ နာရီတွင် ရောက်ရှိ လာခဲ့သည်။ ဂငယ်ပုံစံ ခင်းကျင်းထားသည့် စားပွဲ၏ထိပ် အလယ်တွင် ဗိုလ်ချုပ် ထိုင်သည်။ လက်ဝဲဘက်၌ ဝန်ကြီးများအဖွဲ့ အတွင်းဝန် ဦးရွှေဘော်၊ ဝန်ကြီးအဖွဲ့ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးဗဂျမ်း (ပုဂံ)၊ ဦးအောင်ဇံဝေ၊ ပျော်ဘွယ်ဦးမြနှင့် မိုင်းပွန် စော်ဘွားကြီး စဝ်စံထွန်းတို့ ထိုင်သည်။ လက်ယာဘက် စားပွဲအရှည် ကြီးတွင် ဝန်ကြီး သခင်မြ၊ ဦးရာဇတ်၊ ဒီးဒုတ် ဦးဘချို၊ ဦးဘဝင်း (ဗိုလ်ချုပ်အစ်ကို) နှင့် မန်းဘခိုင်တို့ အစဉ်အတိုင်း ထိုင်နေ ကြသည်။ အစည်းအဝေးကို ၁ဝ နာရီ ၁ဝ မိနစ်တွင် စတင်ခဲ့သည်။

နံနက် ၁ဝ နာရီခွဲ ခန့်တွင် အတွင်းဝန် ဦးအုန်းမောင်သည် ဗိုလ်ချုပ်တို့ အစည်းအဝေး ပြုလုပ်သည့် ခန်းမသို့ ဝင်လာပြီး ဝန်ကြီးအဖွဲ့သို့ တင်ပြရန် အတွက် ဖိုင်တွဲများ၊ စာရွက်စာတမ်း များနှင့်အတူ ဗိုလ်ချုပ်နှင့် သခင်မြတို့ အကြား လက်ယာဘက် စားပွဲရှည်ကြီး ထိပ်တွင် ထိုင်လိုက်သည်။ အစည်းအဝေးမှာ အရှိန်ရနေပြီ ဖြစ်သည်။ ထိုအချိန်တွင် ဗိုလ်ချုပ်တို့ကို လုပ်ကြံမည့် လူသတ်သမား လေးယောက်သည် သေနတ် ကိုယ်စီဖြင့် လှေကားမှ အပေါ်သို့ တက်လာပြီး အစည်းအဝေး ခန်းမရှေ့ အရောက်တွင် တစ်ယောက်က တံခါးကို ဖွင့်မည်ပြုရာ တံခါးပေါက် စောင့်သည့် ရုံးလုလင်က မဝင်ရန် တားသဖြင့် သက်နှင်း က သေနတ်ဖြင့် ခြိမ်းခြောက်ပြီး နောက် တစ်ယောက်က ဘေးကို တွန်းဖယ်၍ လေးယောက် စလုံး အစည်းအဝေး ခန်းမထဲသို့ ဝင်သွား ကြသည်။ 

အခန်းထဲသို့ ရောက်သည်နှင့် ဗိုလ်ချုပ်ကို စတင် ပစ်သည်။ ဗိုလ်ချုပ်က ထိုင်ရာမှထပြီး လက်ကာပြ၍ တစ်စုံတစ်ရာ အော်ပြောစဉ် ကျန်သည့် သေနတ်သမား များကလည်း ဗိုလ်ချုပ်ကိုပင် ဦးတည် ပစ်ကြသဖြင့် ဗိုလ်ချုပ် ကျဆုံး သွားခဲ့သည်။ အစည်းအဝေးကြီး တစ်ခုလုံး သေနတ်သံများ ဆူညံသွားသည်။ သေနတ်သမား များသည် အားရအောင် ပစ်ခတ်ပြီး ပြန်ထွက် အလာတွင် ဝန်ကြီး ဦးရာဇတ် ၏ သက်တော်စောင့် ကိုထွေး ကို တွေ့သဖြင့် ပစ်သတ်လိုက်ကြ ပြန်သည်။ ဗိုလ်ချုပ်နှင့် ဝန်ကြီးများ လုပ်ကြံ ခံရသော သတင်းသည် ရန်ကုန်မြို့ အတွင်း ချက်ချင်းပျံ့နှံ့ သွားခဲ့သည်။ ည ၇ နာရီ ၁၅ မိနစ်တွင် ဘုရင်ခံ ဆာဟူးဘတ်ရန့်စ် က ဗိုလ်ချုပ်တို့ ကျဆုံးသွားပြီ ဖြစ်ကြောင်း ရေဒီယိုမှ အသံလွှင့် ခဲ့သည်။ ထိုနေ့က မြန်မာ တစ်နိုင်ငံလုံးရှိ ရဟန်းရှင်လူ ပြည်သူ အပေါင်းတို့၏ အသည်းနှလုံး ကို စွဲကိုင် လှုပ်ယမ်းလိုက် သကဲ့သို့ ခံစားကြ ရသည်။ ကမ္ဘာကြီး တစ်ခု ပျက်သွားသည့် အလား မယုံနိုင်စရာ ဖြစ်ရပ်တို့ ဖြစ်ပွားခဲ့သည်။

ဗိုလ်ချုပ်တို့ မကျဆုံးမီ တစ်ရက်က ဂဠုန်ဦးစော သည် ရိုင်ဖယ် ကျည်ဆန် တစ်သိန်း၊ စတင်း ကျည်ဆန် ၂၅၆ဝဝ၊ လက်ပစ်ဗုံး အလုံး ၂ဝဝ တို့ကို အင်္ဂလိပ် စစ်တပ်မှ ကပ္ပတိန် ဗီဗီယန်း နှင့် မေဂျာယန်း ဆိုသူတို့၏ အကူအညီ ဖြင့် ထပ်မံထုတ်ယူ ရရှိခဲ့သည်။ ယခင်ရက် များကလည်း ဦးစောနှင့် အပေါင်းပါ တို့သည် အင်္ဂလိပ် စစ်တပ်မှ လက်နက်များကို ဝယ်ယူ၍ စုဆောင်းခြင်း၊ လက်မှတ်အတု များကို အသုံးပြု၍ စုဆောင်းခြင်း တို့ဖြင့် လက်နက်ပေါင်း များစွာ ပိုင်ဆိုင်ရရှိ ထားပြီး ဖြစ်သည်။ ရရှိထားသော လက်နက်များနှင့် သူ၏ ခြံဝင်းအတွင်း သေနတ်ပစ် လေ့ကျင့် စေသည်။ ဦးစောသည် အင်းလျား ကန်စောင်း အေဒီလမ်းရှိ ခြံအတွင်း၌ မိုက်ရူးရဲဆန်ပြီး ဘာမှမသိ နားမလည်သော လူမိုက်များကို လက်သပ် မွေးကာ ဗိုလ်ချုပ် အောင်ဆန်း တို့ကို လုပ်ကြံ သတ်ဖြတ်ရန် ကြိုတင်ကြံစည် ခဲ့ကြသည်။ ထိုသတင်း များကို ဗိုလ်ချုပ် အောင်ဆန်း ကြားသိသော အခါ '' မြန်မာပြည်ကြီး ကောင်းစားအောင် ဒီလောက်တောင် ကြိုးစား နေကြတာ၊ သူတို့ မကျေနပ်လို့ သတ်ချင်လည်း သတ်ပေါ့။ ကျွန်တော်တို့ကို သတ်လို့ သူ့မှာ ဘာအကျိုး ရှိမှာလဲ၊ တိုင်းပြည်ပဲ နစ်နာမှာပေါ့'' ဟုပြောခဲ့ သေးသည်။

အမှန်တကယ်တော့ ဗိုလ်ချုပ် အောင်ဆန်း ကျဆုံးခြင်းသည် မြန်မာနိုင်ငံ အတွက် ကြီးမားစွာသော ဆုံးရှုံးမှုကြီး တစ်ခုဖြစ်သည်။ လူတစ်ဦး တစ်ယောက် ၏ အာဏာရမ္မက် ဇောကြောင့် တန်ဖိုးရှိသော လူ၊ ရှာ၍ မတွေ့နိုင် သောလူ၊ ဘယ်အရာနှင့်မျှ မလဲနိုင်သော လူတစ်ဦး ဆုံးရှုံးခဲ့ လေပြီ။ အသက်အရွယ် အားဖြင့် ၃၂ နှစ်ကျော်သာ ရှိသေးသော လွတ်လပ်ရေး ဗိသုကာ၊ တပ်မတော် ၏ ဖခင်ကြီး၊ အမျိုးသား ခေါင်းဆောင်ကြီး၊ အလောင်း မင်းတရားကြီး ဦးအောင်ဇေယျ ကဲ့သို့ စုစည်း ညီညွတ်သော ပြည်ထောင်စု နိုင်ငံ ဖြစ်အောင် တည်ထောင် နိုင်ခဲ့သူ ခေါင်းဆောင်ကြီး ကား ရေတိမ်တွင် နစ်သွားခဲ့လေပြီ။ အလွန်တရာ ဝမ်းနည်းဖွယ် ကောင်းလေစွ။

ယနေ့ခေတ်တွင် ဤ ဝမ်းနည်းဖွယ် ဖြစ်ရပ်ကို သင်ခန်းစာ ယူသင့်ပါသည်။ နှစ်ပေါင်း (၆၈) နှစ် ကြာသည့်တိုင် မေ့ပျောက် နိုင်စရာ မရှိသော ဖြစ်ရပ် ဖြစ်ပေသည်။ ယနေ့ ရရှိထားသော လွတ်လပ်ရေးသည် ဗိုလ်ချုပ် အောင်ဆန်း နှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၊ ကျဆုံး လေပြီးသော တပ်မတော်သား များ၊ ရဟန်းရှင်လူ ပြည်သူအများ၏ အသက် သွေးချွေး ပေါင်း မြောက်မြားစွာ လဲလှယ်ရယူ ထားခြင်း ဖြစ်ပေသည်။ ဗိုလ်ချုပ်ကို ကြည်ညို လေးစား မြတ်နိုး ချစ်ခင်ပါလျှင် ဂဠုန်ဦးစော ကဲ့သို့ တိုင်းပြည်ကို ဖျက်မည့် အဖျက်သမားများ နောက်ထပ် တစ်ဖန် ပေါ်မလာရေး အသိ၊ သတိ များဖြင့် ထိန်းသိမ်း ကာကွယ် စောင့်ရှောက် ကြပါရန် တိုက်တွန်း ရေးသား လိုက်ရပါသည်။

#Themyawadydaily

No comments:

Post a Comment