ရန်ကုန် ၊ ၉-၂-၂ဝ၁၅
မြန်မာနိုင်ငံ အတွင်း ဖြန့်ဖြူး ရောင်းချမည့် ပြည်ပမှ တင်သွင်းသည့် ဆေးဝါးများကို မြန်မာစာ ဆေးညွှန်း တပ်ရောင်းချရန် မူဝါဒပြဋ္ဌာန်း ပေးသင့်ကြောင်း မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း ကုန်သည်များ နှင့် လုပ်ငန်းရှင် များက ပြောသည်။
ပြည်သူများ အနေဖြင့် သောက်ဆေးများ သုံးစွဲရာတွင် လွဲမှားစွာ မသုံးစွဲမိ စေရန် ပြည်ပမှ တင်သွင်းသည့် ဆေးဝါးများတွင် အင်္ဂလိပ် ဘာသာ ဆေးညွှန်းအပြင် မြန်မာဘာသာ ဆေးညွှန်းများ ထည့်သွင်းပါက သုံးစွဲသူများ အတွက် လွယ်ကူစေမည် ဖြစ်ကြောင်း သိရသည်။
''လူသုံးများတဲ့ အိမ်သုံး ဆေးဝါးလိုမျိုး ဆေးတွေမှာ ဆေးညွှန်းကို မြန်မာဘာသာ နဲ့ ရေးထားရင် သုံးတဲ့သူတွေ အတွက် အဆင်ပြေ တာပေါ့။ ဒါပေမဲ့ အနောက်တိုင်း ဆေးညွှန်းနဲ့ အခြားဘာသာ ဆေးညွှန်းတွေကို မြန်မာဘာသာ နဲ့ တိတိကျကျ ပြန်ဆိုနိုင်ဖို့ လိုပါတယ်'' ဟု မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဒေါက်တာ ဝင်းစည်သူ က ပြောသည်။
ပြည်ပမှ တင်သွင်းသည့် ဆေးဝါးများတွင် မြန်မာဘာသာ ဆေးညွှန်း ထည့်သွင်းရာ၌ ပြည်ပမှ သုံးစွဲသည့် အရေအတွက် နည်းပါက မြန်မာဘာသာ ဆေးညွှန်းပါ ဆေးဘူးခွံ၊ ဆေးကတ် ထုပ်ပိုးမှုများ၌ အခက်အခဲ ရှိနိုင်ကြောင်း ဆေးကုန်သည် များက ပြောသည်။
''မြန်မာဆေးညွှန်း တပ်တာက အရေအတွက် များရင်တော့ ပြည်ပ ကုမ္ပဏီ တွေက ထည့်ပေးချင်တယ်။ အရေအတွက် နည်းရင် သူတို့ အနေနဲ့ ကလည်း ထုပ်ပိုးမှု စရိတ် မကိုက်ဘူး ဆိုပြီး မြန်မာဆေးညွှန်း တပ်မပေးချင် ကြဘူး။ မူဝါဒ ပြဋ္ဌာန်းမယ် ဆိုရင်တော့ ဒီအချက်ကို ထည့်စဉ်းစား ရမယ်'' ဟု ဆေးဝါး ဖြန့်ဖြူးရေး လုပ်ငန်းရှင် တစ်ဦးက သုံးသပ်သည်။
မြန်မာနိုင်ငံ၌ အသုံးများသော အိမ်သုံးဆေးဝါး အများစုသည် အိန္ဒိယ ၊ ထိုင်း ၊ ဘင်္ဂလားဒေ့ရှ်၊ အမေရိကန် တို့မှ တင်သွင်း နေခြင်းဖြစ်ပြီး ဗီတာမင်စီ၊ ဗီတာမင်အီး၊ အကိုက်အခဲ ပျောက်ဆေးများကို ကျေးလက်မြို့ပြ အိမ်တိုင်းတွင် ဆေးအညွှန်း မသိဘဲ သုံးစွဲနေ ကြခြင်း ဖြစ်သည်။
လက်ရှိတွင် ပြည်တွင်း၌ ဆေးဝါး လိုအပ်ချက်၏ ၁၅ ရာခိုင်နှုန်းမှာ ပြည်ပ ဆေးဝါးများ အပေါ်တွင် မှီခိုအားထား နေရာ ပြည်ပမှ တင်သွင်းသည့် ဆေးဝါးများကို သုံးစွဲသူများ လွယ်ကူ အန္တရာယ် ကင်းစွာ သုံးစွဲနိုင်ရန် အရေးကြီးကြောင်း ဆေးကုန်သည် များက ပြောသည်။
မြတ်လေးငုံ
#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:
Post a Comment