Pages

Saturday, January 17, 2015

ရန်ကုန်မြို့ရှိ ရှေးဟောင်း အဆောက်အအုံ ထိန်းသိမ်းမှုအတွက် လေ့လာမှုများ ပြုလုပ်ရန် အာရှဖွံ့ ဖြိုးရေးဘဏ်၏ အကူအညီများ ရယူသွားမည်



ရန်ကုန် ၊ ၁၇-၁-၂၀၁၅

ရန်ကုန်မြို့လယ်ရှိ ရှေးဟောင်း အဆောက်အအုံ များ ပြန်လည်ပြုပြင် ထိန်းသိမ်းရေး အကြို လေ့လာမှုများ ပြုလုပ်ရန် အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) ၏ အကူအညီ များ ရယူသွားမည် ဖြစ်ကြောင်း ရန်ကုန် မြို့တော်စည်ပင် သာယာရေး ကော်မတီ မြို့ပြ စီမံကိန်း နှင့် မြေစီမံခန့်ခွဲမှု ဌာန ညွှန်ကြားရေးမှူး ဦးတိုးအောင် က ပြောသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၏ စာရင်းများအရ ရန်ကုန်မြို့၌ ရှေးဟောင်း အဆောက်အအုံ ပေါင်း ၁၈ဝ ကျော် ရှိပြီး လက်ရှိ အချိန်တွင် ဗိသုကာ လက်ရာနှင့် အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေး ဆိုင်ရာ ကမ္ဘာ့ထိပ်တန်း ပုဂ္ဂလိက အဖွဲ့အစည်း ( World Monuments Fund ) မှ ရန်ကုန်မြို့၏ မြို့လယ်တွင် ဖွံ့ဖြိုး တိုးတက်မှု၏ ခြိမ်းခြောက်မှုကို ခံရသည့် အမွေအနှစ် ဒေသအဖြစ် ၂ဝ၁၄ စောင့်ကြည့် စာရင်းတွင် ထည့်သွင်း ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြန်လည် ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရေး အတွက် တစ်နှစ်တာ အတွင်း ကနဦး လေ့လာမှုများ ပြုလုပ်မည် ဖြစ်ပြီး အမေရိကန် ဒေါ်လာ သုံးသိန်းမှ လေးသိန်းအထိ သုံးစွဲ သွားမည်ဟု အာရှ ဖွံ့ဖြိုးရေးဘဏ် မှ ရည်ရွယ် ထားကြောင်း သိရသည်။

တစ်နှစ်တာ ကာလအတွင်း လေ့လာမှုများ ပြီးစီးသွား ပါက မြို့လယ် အဆောက်အအုံများ ရေရှည် တည်တံ့ရေး အတွက် ထိန်းသိမ်းခြင်း လုပ်ငန်းများကို အကူအညီသစ်များ ထပ်မံပေးအပ် နိုင်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့သည် အရှေ့တောင် အာရှ၌ ကိုလိုနီခေတ် လက်ကျန် ရှေးဟောင်း အဆောက်အအုံ (ဝဲပုံ) များ အများဆုံး တည်ရှိရာ နေရာတစ်ခု ဖြစ်ပြီး ကိုလိုနီခေတ် လက်ကျန် အဆောက်အအုံ စုစုပေါင်း ၁၈၉  လုံး ရှိသော်လည်း တစ်လုံးမှာ မီးလောင် ပျက်စီး သွားသောကြောင့် ၁၈၈ လုံးသာ ကျန်ရှိ တော့ကြောင်း သိရသည်။

ကိုလိုနီခေတ် လက်ကျန် ရှေးဟောင်း အဆောက်အအုံ များကို ပုဂ္ဂလိက လုပ်ငန်းရှင် အချို့ဖြစ်သည့် မက်စ်မြန်မာ ကုမ္ပဏီ၊ FMI ကုမ္ပဏီနှင့် ဒိုင်းမွန်းစတား ကုမ္ပဏီ အုပ်စုတို့ အဓိက လွှဲပြောင်း လုပ်ကိုင်ခွင့် ရရှိထားပြီ ဖြစ်သည်။ 

ရန်ကုန်မြို့မှ ကိုလိုနီခေတ် လက်ကျန် ရှေးဟောင်း အဆောက်အအုံများ မပျောက်ပျက် စေရေးအတွက် ရှေးဟောင်း အဆောက်အအုံ ထိန်းသိမ်းရေး အဖွဲ့ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဟောင်း ဦးသန့်၏ မြေးက ဦးဆောင်ကာ ရန်ကုန်မြို့မှ ဗိသုကာ ပညာရှင်များ နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment