Pages

Friday, January 16, 2015

ယောမင်းကြီး ဦးဖိုးလှိုင် ၏ အုတ်ဂူနေရာကို ပြုပြင် ထိန်းသိမ်းမှုများ ပြုလုပ်



မန္တလေး ၊ ၁၆-၁-၂၀၁၅

မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် အနောက်ဘက် မင်းတဲအီကင်း ရပ်ကွက်တွင် တည်ရှိသော ယောမင်းကြီး ဦးဖိုးလှိုင် ၏ အုတ်ဂူနေရာမှာ ချုံနွယ်များ ပိတ်ဖုံးနေမှုနှင့် သန့်ရှင်း သပ်ရပ်မှု မရှိသောကြောင့် ရှေးဟောင်း သုတေသန ဦးစီးဌာနမှ သန့်ရှင်းရေးနှင့် ပြုပြင် ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နေရာမှာ မြန်မာပညာရှိ ယောအတွင်းဝန် ဦးဖိုးလှိုင် နှင့် မိသားစုကို မြှုပ်နှံထားသော သင်္ချိုင်း ဖြစ်ပြီး ရတနာပုံခေတ် လက်ရာ အုတ်အင်္ဂတေ အဆောက်အအုံ ဖြစ်ကာ အုတ်ဂူများ၊ ကျောက်စာများ ရေးထိုးထားသော သင်္ချိုင်းနေရာ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယောမင်းကြီး အုတ်ဂူဝင်း အတွင်း ရွှေပြည် ဝန်ကြီးမင်း၊ သတိုးမင်းကြီး မင်းလှမဟာ မင်းခေါင် သီဟသူ၊ ရွှေပြည်ဝန်ကြီး ကတော်ငယ် အမည် ခင်ဖြူ ကမ္ပည်းတပ် အုတ်ဂူကျောက်စာ နှစ်ချပ်၊ သမီး ရွှေပြည် ခင်ခင်ကြီး၊ သားသမက် ရွှေပြည် မောင်မောင်ကလေး၊ မြေးသမက်- လင်းပင် ထိပ်တင်လတ်၊ မြေး- ရွှေပြည် ခင်ခင်လတ်၊ ရွှေပြည် ခင်ခင်ကြီး တို့၏ မြှုပ်နှံရာ အုတ်ဂူများနှင့် ထိုအုတ်ဂူတို့၏ အရှေ့ဘက် တွင် အတွင်းဝန်မြို့သစ် မြို့စား မင်းကြီး မဟာဇေယျ သင်္ကြန်၊ အတွင်းဝန် ကတော်၊ အတွင်းဝန် မြို့သစ် မြို့စားမင်း၏ အဘ အတွင်းဝန် မြို့သစ် မြို့စား၏ အမိတို့ မြှုပ်နှံရာ အုတ်ဂူ များလည်း ရှိကြောင်း သိရသည်။ 

ယောမင်းကြီး၏ မြှုပ်နှံရာ အုတ်ဂူ ကျောက်စာတွင် ယောမင်းကြီး ၏ အတ္ထုပ္ပတ္တိ နှင့် ၁၂၄၅ ခုနှစ် ဝါခေါင်လပြည့် အသက် ၅၄ နှစ်တွင် ကွယ်လွန်ကြောင်း၊ ရွှေပြည်ဝန် ကတော် ကျောက်စာ တွင်လည်း အတ္ထုပ္ပတ္တိ နှင့် ၁၂၅၇ ခုနှစ်၊ ကဆုန် လပြည့်ကျော် ၁၁ ရက်၊ အသက် ၆၂ နှစ် အရွယ်တွင် ကွယ်လွန်ကြောင်း ရေးထိုး ထားသည်။

၎င်းနေရာတွင် ယခင် ထန်းပင်ချောင် ရပ်ကွက် ဖြစ်၍ ၁၉၉၅ ခုနှစ်တွင် ကျောက်စာများ နှင့်တကွ အုတ်ဂူများကို တူးဖော် တွေ့ရှိရာ အဆိုပါဝင်း အတွင်း အရှေ့ဘက်တွင် ယောမင်းကြီး ရုပ်တု နှင့် အတ္ထုပ္ပတ္တိ ကျောက်စာ လေးချပ် ကို ပြုလုပ် စိုက်ထူ၍ ပန်းခြံဝင်း ပြုလုပ်ကာ ထိန်းသိမ်းမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ (၁၇၂)



#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment