Pages

Wednesday, December 24, 2014

ဒီမိုကရေစီတန်ဖိုး နှင့် မီဒီယာယဉ်ကျေးမှု သဟဇာတဖြစ်အောင် သင်ယူလေ့လာမှတ်သား လိုက်နာ


ဒီမိုကရေစီတန်ဖိုး နှင့် မီဒီယာယဉ်ကျေးမှု သဟဇာတဖြစ်အောင် သင်ယူလေ့လာမှတ်သား လိုက်နာ

လူ့ဘဝ တစ်လျှောက်လုံး တွင် အောင်မြင်တိုးတက် ကြီးပွားရန် လိုအပ်သော အခြေခံအင်္ဂါ လေးရပ်ရှိရာ ကြိုးစားလို စိတ်ရှိခြင်း၊ သင်ကြားပြသ ဆုံးမ လမ်းညွှန်မှုကို ခံယူတတ်ခြင်း၊ ကိုယ်တိုင် လေ့ကျင့်မှု ကောင်းမွန်ခြင်း နှင့် နည်းစနစ် မှန်ကန်ခြင်းတို့ ဖြစ်သည်။ ပုထုဇဉ် သဘာဝ ကာယကံ၊ ဝစီကံ၊ မနောကံ ဟူသော ကံသုံးပါးတို့ တွင် ခြောက်ပစ်ကင်းသူ ရှိတော့ ရှိသည်၊ အရေအတွက် နည်းသည်ဟု ဆိုနိုင်ခြင်းကြောင့် လူ့အဖွဲ့အစည်း အတွင်း ဥပဒေ၊ စည်းမျဉ်းစည်းကမ်း နှင့် ကျင့်ဝတ်နီတိ တို့ဖြင့် ထိန်းကျောင်း ထားခြင်း ဖြစ်သည်။

လောကအရ ကျောက်ဆစ် ဆရာ၏ အထုအဆစ် မခံရသော ကျောက်သားသည် လှပသော ကျောက်ဆစ်ရုပ် ဖြစ်မလာနိုင်၊ ဆောက်ဖြင့် အထွင်းမခံရသော သစ်သားနှင့် ပွတ်လုံး အထိမခံ ရသော သစ်သားတို့သည် လှပသော ပန်းပုရုပ် ဖြစ်မလာနိုင်၊ ဓားသွေး ကျောက်ဖြင့် အသွေးမခံ ရသော ဓားသည် မည်မျှ ကောင်းသော သံပင် ဖြစ်စေကာမူ ထက်မြက်သော ဓားတစ်လက် ဖြစ်မလာနိုင်၊ အိုးထိန်းသည်၏ ထုရိုက်ပုံသွင်း မခံရသော အိုးသည် အိုးကောင်း ဖြစ်မလာနိုင်၊ ထို့အတူ ဆုံးမသွန်သင် လမ်းညွှန်မှု မခံရသူ တစ်ဦးသည် လူတော် လူကောင်း တစ်ယောက် ဖြစ်မလာနိုင်ကြောင်း ပညာရှိများက ဥပမာပြ ဆိုထားသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပညာရေးစနစ်တွင် ပြည်သူ့နီတိ ပါဝင်သော စာရိတ္တ ပညာရေးကို ပေါင်းစပ်သင်ကြား ပေးခြင်းဖြင့် လွတ်လပ်မှု၊ တာဝန်ယူမှု နှင့် တာဝန်ခံမှု တို့ကို သမာသမတ် မျှတစွာ ပေါင်းစပ် နေထိုင် ပြုမူပြောဆိုကြရသော ဒီမိုကရေစီလူ့အဖွဲ့အစည်းအတွက် ကောင်းမွန်သော အလေ့အကျင့်များ ဖြစ်စေသည်။

ရှေးအခါက ဂန္ဓာရရသေ့ နှင့် ဝေဒဟရသေ့ တို့သည် အတူနေထိုင် ကြရာ ဟိမဝန္တာတောမှ ထွက်လာခဲ့ ကြပြီး ရွာတစ်ရွာ အနီးသို့ ရောက်လာ ကြသည်။ တစ်နေ့တွင် ဝေဒဟရသေ့ သည် ဆွမ်းခံရရှိခဲ့ရာမှ ပိုနေသော ဆားကို ကျောင်းခေါင်မိုး ၌ သိမ်းထား လိုက်သည်။ နောက်တစ်နေ့ ဆွမ်းခံပြီး ပြန်လာသော အခါ ယခင်နေ့က သိမ်းထားသော ဆွမ်းကိုယူ၍ ဂန္ဓာရရသေ့ အား ပေးလိုက်သည်။ ဂန္ဓာရရသေ့ က ထိုဆား ဘယ်ကရသည် ကို မေးမြန်းရာ ယခင်နေ့က ပိုသဖြင့် သိမ်းထားသော ဆားဖြစ်ကြောင်း ဝေဒဟရသေ့ က ပြန်ပြော လိုက်သည်။ ထိုအခါ ဂန္ဓာရရသေ့ က ကျွန်ုပ်တို့သည် မင်းအဖြစ် နှင့် တိုင်းပြည်ကို စွန့်လွှတ် လာခဲ့ကြ ပေပြီ၊ ဤတန်ဖိုး မရှိလှသည့် ဆားကလေးကို အဘယ်ကြောင့် မက်မောစွာ သိမ်းထား ရပါ သနည်းဟု အပြစ်တင် ဆုံးမလိုက်သည်။ ထိုအခါ စေတနာကို အသိအမှတ် အပြု မခံရသော ဝေဒဟရသေ့ သည် မခံမရပ်နိုင် ဖြစ်ကာ အရှင်ရသေ့ သည် မိမိကိုယ်ကို ဆုံးမရန် ထွက်လာခဲ့ပြီး ယခု အဘယ်ကြောင့် သူတစ်ပါးကို ဆုံးမနေရ ပါသနည်းဟု ပြန်မေးသည်။

ထိုအခါ ဂန္ဓာရရသေ့ က အရှင်ဝေဒဟ ငါကား တရားသည်ကို ပြောခြင်း ဖြစ်၏။ တရားမျှတ သည်ကို ပြောသော ငါ့မှာ မကောင်းမှု မဖြစ်ဟု ပြောလိုက်သည်။ ဝေဒဟရသေ့ က ဘာကြောင့်ပဲ ဖြစ်စေ သူတစ်ပါးကို ထိခိုက်လျှင် အကျိုးရှိသည် ကိုပင် မပြောသင့်ဟု ဆိုပြန်သည်။ ဂန္ဓာရရသေ့ က သူတစ်ပါးကို ထိခိုက်၍ ဖွဲပြာလိုပင် လွင့်သွားစေတော့ တရားမျှတ သည်ကို ပြောသော ငါ့မှာ အပြစ်မရောက်ဟု ဆိုကာ ဥပမာ ဆောင်သည်မှာ အရှင်ဝေဒဟ ကိုယ်ပိုင် ဉာဏ်မရှိသည့် အပြင် ဝိနည်းလည်း မသင့်သော သူများသည် တောထဲက ကျွဲကန်းကြီး မမြင်မစမ်း သွားနေသည် နှင့် တူလှသည်။ ဆရာ သမားထံ သင်ကြား၍ ဆုံးမခံပြီး သူတို့သာလျှင် တည်ငြိမ်သော စိတ်ရှိ တော့သည် ဟု သွန်သင် လိုက်သည် တွင် ဝေဒဟရသေ့ သည် မိမိအမှားကို ဝန်ချ တောင်းပန်ကြောင်း သက္ကတနိပါတ် ဂန္ဓာရ ဇာတ်တော် ၌ လေ့လာ တွေ့ရှိရသည်။

မျက်မှောက်ကာလ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ လူ့အဖွဲ့အစည်း နှင့်အတူ မီဒီယာ ယဉ်ကျေးမှု ထွန်းကား လာနေချိန် ဖြစ်သည်။ ဒီမိုကရေစီတန်ဖိုး နှင့် မီဒီယာယဉ်ကျေးမှု ၏ အနှစ်သာရ ဖြစ်သော လွတ်လပ်မှု၊ တာဝန်ယူမှု နှင့် တာဝန်ခံမှု တို့ကို သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ တို့ထံမှ သင်ယူလေ့လာ မှတ်သားလိုက်နာ ကြမှသာ ဒီမိုကရေစီတန်ဖိုး နှင့် မီဒီယာယဉ်ကျေးမှု တို့ သဟဇာတ ရှိနိုင်မည် ဖြစ်ကြောင်း အလေးဂရုပြု ကြရမည် ဖြစ်ပေသည်။ ။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment