Pages

Wednesday, December 10, 2014

အောင်မြင်မှုဟူသည်


အောင်မြင်မှုဟူသည်

ကြိုးစား အားထုတ်မှု တစ်ခု၏ အဆုံးစွန်တွင် အောင်မြင်မှု နှင့် မအောင်မြင်မှု နှစ်ခုသာ ရှိသည်။ အောင်မြင်လျှင် ပျော်ရွှင်မှုကို ခံစားနိုင်သည်။ မအောင်မြင်လျှင် ဝမ်းနည်းစရာ မလို၊ ထပ်၍ ကြိုးစားရန်သာ လိုသည်။ ကြိုးစား၍ မအောင်မြင် သော်လည်း ကြိုးစားသည့် အတွက် အတွေ့အကြုံ တစ်ခု ရနိုင်သည်။ မအောင်မြင်မှု သည် လုံးဝ ရှုံးနိမ့်သွားခြင်း မဟုတ်ပေ။ လုံးဝ မကြိုးစားသူ နှင့်စာလျှင် အောင်မြင်မှု ရရန် အနီးကပ်ဆုံး နေရာ၌ ရှိနေသည်။ ထပ်မံ၍၊ ထပ်မံ၍ ကြိုးစား လိုက်ပါက အောင်မြင်မှု ရမည်သာ ဖြစ်သည်။

အောင်မြင်မှု ဟူသည် တစ်ကြိမ် နှစ်ကြိမ် ကြိုးစားရုံဖြင့် ဖြစ်ပေါ် မလာပေ။ ရောမမြို့ကြီးကို တစ်နေ့တည်းဖြင့် တည်ဆောက် ခဲ့သည် မဟုတ်ပေ။ ထို့ကြောင့် တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့ မလဲ ဟူသော စိတ်ဓာတ်ဖြင့် ရည်မှန်းချက် ထား၍ ယုံကြည်မှုဖြင့် အောင်မြင်မှုကို ရယူနိုင်သည်။

ပုဆိန်ငယ်သည် သေးငယ်သော်လည်း ကြိမ်ဖန်များစွာ ခုတ်ထစ်မည် ဆိုပါက ကြီးမားသော သစ်ပင်ကြီး များကိုပင် ခုတ်လှဲနိုင်စွမ်း ရှိသည်။ လောက၌ ကြိုးစားလျှင် ဘာမဆို ဖြစ်နိုင်သည် ဟူသော စကားရှိသည်။ ကြိုးစားသူ အတွက် အောင်မြင်မှုသည် အသေအချာ ရှိနေသည်။ အောင်မြင်မှု၏ ပထမဆုံး ခြေလှမ်းသည် ယုံကြည်မှု ဖြစ်၏။ ဤအရာကို ကောင်းစွာ လုပ်နိုင်သည်။ လုပ်၍ အောင်မြင်ရမည် ဟူသော ယုံကြည်ချက်သည် အရေးကြီး သည်။ ထို ယုံကြည်ချက် ခံယူချက်တို့ သည် အောင်မြင်မှု အတွက် အခြေခံများ ဖြစ်သည်။

ခရစ္စတိုဖာ ကိုလံဘတ်စ် ဆိုသူသည် အာဖရိက ကမ်းရိုးတန်း ကနေဒီကျွန်းစုမှ အနောက်စူးစူး သို့ အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်ပြီး ရွက်လွှင့် သွားခြင်းဖြင့် လမ်းသစ်ရှာက ရနိုင်မည်ဟု သူက အခိုင်အမာ ယုံကြည်ခဲ့သည်။ သူ ယုံကြည်သည့် အတိုင်း အမေရိကတိုက် ကို စတင်တွေ့ရှိသူ အဖြစ် ထင်ရှားခဲ့သည်။ ဤသည်မှာ ယုံကြည်ချက်ဖြင့် လုပ်ဆောင်၍ အောင်မြင်မှုကို ရယူခြင်း၏ သာဓက ဖြစ်သည်။

သို့ဖြစ်ရာ အလုပ်လုပ်ကိုင် ကြရာတွင် ယုံကြည်ချက် ခံယူချက် မခိုင်မမာ မယုံမရဲ လုပ်ခြင်းမျိုး ကို ရှောင်၍ မဖြစ်နိုင်သည့် အရာမျိုး မဟုတ်သော ဖြစ်နိုင်သည့် အရာမှန်သမျှ မည်သည့် အလုပ်ကို လုပ်ကိုင်သည် ဖြစ်စေ ယုံကြည်ချက် အပြည့်ဖြင့် လုပ်ကိုင်ကြိုးစား မည်ဆိုပါက အောင်မြင်မှု ကို ရယူနိုင်မည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရ ပေသည်။

( အယ်ဒီတာအာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment