Pages

Tuesday, December 9, 2014

မျိုးသုန်းပျောက်ကွယ်ခြင်း အန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော တိရစ္ဆာန်များကို စာရင်းအသစ် ပြုစုရန်စီစဉ်


ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်သည့် ကျားမျိုးစိတ်တစ်ကောင်အား တွေ့ရစဉ်


ရန်ကုန် ၊ ၉-၁၂-၂၀၁၄

လွန်ခဲ့သော နှစ်ပေါင်း ၂ဝ ခန့်က ပြည်တွင်း၌ စာရင်းပြုစုပြီး တရားဝင် ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံ အတွင်း မျိုးသုဉ်း ပျောက်ကွယ်ခြင်း အန္တရာယ်မှ ကာကွယ် စောင့်ရှောက်ရမည့် တိရစ္ဆာန်များ စာရင်းကို ခေတ်နှင့်အညီ ပြန်လည်ပြုစုရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာန သစ်တော ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပြည်တွင်း၌ လက်ရှိ အသုံးပြု နေသော စာရင်းများမှာ ၁၉၉၄ ခုနှစ် အောက်တိုဘာ လက သက်ဆိုင်ရာမှ ထုတ်ပြန်ခဲ့သော စာရင်းများ ဖြစ်သည့်အတွက် ယခုလက်ရှိ အချိန်နှင့် ကွာဟချက်များ ရှိလာ နိုင်သောကြောင့် စာရင်း အသစ် ပြန်လည် ပြုစုရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ စာရင်းအသစ် ပြုစုရာတွင် ယခင်က ပြုစုထားသော စာရင်းပုံစံ အတိုင်း လုံးဝ ကာကွယ် စောင့်ရှောက် ရမည့် တောရိုင်း တိရစ္ဆာ န်များ၊ သာမန်အဆင့် ကာကွယ် စောင့်ရှောက် ရမည့် တောရိုင်း တိရစ္ဆာန်များနှင့် ရာသီအလိုက် ထိန်းသိမ်း စောင့်ရှောက် ရမည့် တောရိုင်း တိရစ္ဆာန်များ ဟူ၍ အဆင့်များ ခွဲခြားသတ်မှတ် သွားမည် ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် ယခင်က ထုတ်ပြန်ခဲ့သော စာရင်းများထဲတွင် သစ်ပင်များ မပါဝင်သောကြောင့် စာရင်းသစ် ပြန်လည်ပြုစု သောအခါ မျိုးတုံး ပျောက်ကွယ် နိုင်သည့် ဘေးအန္တရာယ် မှ ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်သော သစ်တောများ အတွင်း ပေါက်ရောက် နေသည့် သစ်ပင်မျိုးစေ့ များကိုလည်း ထည့်သွင်းစာရင်း ပြုစုသွားမည် ဖြစ်သည်။ အဆိုပါ ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်သော တိရစ္ဆာန်များ နှင့် သစ်ပင်များ စာရင်းကို အသစ်ပြန်လည် ပြုစုရာတွင် ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့(WWF) ၊ အပြည်ပြည် ဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ (IUCN) နှင့် တောရိုင်း တိရစ္ဆာန် စောင့်ရှောက်ရေး အဖွဲ့ (WCS) အစရှိသော နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ စာရင်းသစ် ပြုစုနိုင်စေရန် ယခုအခါ သက်ဆိုင်ရာမှ ပြန်လည် ပြင်ဆင်ရေးဆွဲ နေသော တောရိုင်း တိရစ္ဆာန် များနှင့် သဘာဝ အပင်များ ကာကွယ်ရေး နှင့် သဘာဝ နယ်မြေများ ထိန်းသိမ်းရေး ဥပဒေကို စောင့်ဆိုင်း နေခြင်း ဖြစ်ပြီး ယင်း ဥပဒေကို ပြန်လည်ပြင်ဆင် ပြဋ္ဌာန်းပြီးပါက စာရင်းအသစ် ပြုစုခြင်း လုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပ ကျွမ်းကျင် ပညာရှင်များ ပူးပေါင်းကာ စတင် အကောင်အထည် ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment