Pages

Wednesday, November 12, 2014

မြန်မာနိုင်ငံ ခရီးသွားကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံရရှိရန် ခန့်မှန်းချက် ပြည့်မီနိုင်



ရန်ကုန် ၊ ၁၂-၁၁-၂၀၁၄

ယခုနှစ်အတွင်း မြန်မာနိုင်ငံ ခရီးသွား ကဏ္ဍမှ ဝင်ငွေ အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ရရှိရန် မျှော်မှန်းထားပြီး လက်ရှိ အချိန်အထိ ပြည်ပ ခရီးသွား ဧည့်သည်များ ထံမှ နိုင်ငံခြား ဝင်ငွေရရှိမှု အမေရိကန် ဒေါ်လာ သန်း ၇၅ဝ ခန့် ရရှိနေပြီ ဖြစ်ရာ ခန့်မှန်းချက် ပြည့်မီ နိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန မှ သိရသည်။

ထိုသို့ ဝင်ရောက် ခဲ့သော နိုင်ငံခြား ခရီးသွား ဧည့်သည်များတွင် ထိုင်းနိုင်ငံမှ အများဆုံး ဖြစ်ပြီး တရုတ်နိုင်ငံမှ ဒုတိယ အများဆုံး ဖြစ်ကာ ထိုင်းနှင့် တရုတ်မှာ စုစုပေါင်း ခရီးသွား ဧည့်သည် ဝင်ရောက်မှု ၏ ၈ဝ ရာခိုင်နှုန်း ခန့်အထိ ဝင်ရောက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကမ္ဘာလှည့် ခရီးသွား ဧည့်သည် များထဲတွင် ဥရောပ၊ အမေရိကန်၊ အာဖရိက၊ အရှေ့ အလယ်ပိုင်း နိုင်ငံများမှ ဝင်ရောက်မှု မှာလည်း မြင့်တက်လျက် ရှိကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေးလုပ်ငန်း ဝန်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။ ကမ္ဘာလှည့် ခရီးသွား ဧည့်သည် များမှာ ပြည်တွင်းသို့ ဝင်ပေါက် ၂၆ ခုကို အသုံးပြု၍ နယ်စပ် ဂိတ်ပေါက်များမှ အများဆုံး ဝင်ရောက် ကြခြင်းဖြစ်ပြီး လေကြောင်းနှင့် ရေကြောင်း လမ်းမှ ဝင်ရောက်မှု များမှာလည်း ယခင်နှစ် များထက် ပိုမို များပြား လာကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ် အတွက် မြန်မာ နိုင်ငံသို့ နိုင်ငံခြား ခရီးသွား ဧည့်သည် သုံးသန်းခန့် ဝင်ရောက်မည် ဟု ခန့်မှန်းထားရာ လက်ရှိ အချိန်အထိ ခရီးသွား ဧည့်သည် နှစ်သန်းကျော် ဝင်ရောက်ပြီး ဖြစ်ကြောင်း သိရသည်။ ၂ဝ၁၃ ခုနှစ်က မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွား ဧည့်သည် ဝင်ရောက်မှု စုစုပေါင်း ၂ ဒသမ ဝ၄ သန်းရှိပြီး ယခုနှစ်တွင် သုံးသန်း နှင့်အထက် ဝင်ရောက် နိုင်သည်ဟု မျှော်မှန်း ထားကြောင်း သိရသည်။

မြတ်လေးငုံ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment