Social Icons

Pages

Monday, December 10, 2018

အိန္ဒိယ သမ္မတနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ်ကိုဗင့်ဒ်၏ ကိုယ်ရေး အကျဉ်း

အိန္ဒိယ သမ္မတနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ်ကိုဗင့်ဒ်၏ ကိုယ်ရေး အကျဉ်း
-
အိန္ဒိယနိုင်ငံသမ္မတ ရှရီ ရမ် နက်သ်ကိုဗင့်ဒ်ကို ၁၉၄၅ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ဥတာပရာဒေ့ရှ်ပြည်နယ် ကန်ပူမြို့အနီး ပါရမ်ခ်ကျေးရွာတွင် မွေးဖွားခဲ့သည်။
-
၎င်းသည် အထက်တန်းပညာကို ကန်ပူမြို့၌ သင်ယူခဲ့ကာ ကန်ပူတက္ကသိုလ်မှ ဝါဏိဇ္ဇဘွဲ့နှင့် ဥပဒေဘွဲ့များ အသီးသီး ရရှိခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် ဒေလီဗဟိုဥပဒေ ကောင်စီတွင်အလုပ်သင်ရှေ့နေအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး ၁၉၇၇ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ ဒေလီဗဟို တရားရုံးချုပ်တွင် လည်းကောင်း၊ ၁၉၈ဝ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ နိုင်ငံတော်တရား လွှတ်တော်ချုပ်ရုံး၏ပြည်ထောင်စုအစိုးရ၏ အမြဲတမ်းကောင်စီတွင် လည်းကောင်း အစိုးရရှေ့နေအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် အိန္ဒိယ တရားလွှတ်တော်ချုပ်ရုံး၏ ရှေ့နေဖြစ်လာခဲ့သည်။၎င်းသည်ဒေလီဗဟိုတရားရုံးနှင့်နိုင်ငံတော် တရားရုံးချုပ်တို့တွင် ၁၉၉၃ ခုနှစ် အထိ  နှစ်ပေါင်း ၁၆ နှစ်ကြာ  တာဝန် ထမ်းဆောင်ခဲ့သည်။
-
၁၉၉၄ ခုနှစ် ဧပြီလတွင် ဥတာပရာဒေ့ရှ် ပြည်နယ်၏ အထက်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရပြီး ၂ဝဝ၆ ခုနှစ် မတ်လအထိ ခြောက်နှစ်။ကြာ သက်တမ်းနှစ်ခု ဆက်တိုက်တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် လွှတ်တော် တွင် တာဝန်ထမ်းဆောင်စဉ်အတွင်း ဇာတ်သို့မဟုတ် လူမျိုးစုများ သက်သာချောင်ချိရေးဆိုင်ရာ အစီအစဉ်ရေးဆွဲရေး ကော်မတီ၊ ပြည်ထဲရေးဆိုင်ရာကော်မတီ၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ဆိုင်ရာ ကော်မတီ၊  လူမှုရေးတရား မျှတမှုဆိုင်ရာ ကော်မတီ၊ ဥပဒေနှင့် တရားရေးဆိုင်ရာ ကော်မတီ   စသည့် လွှတ်တော် ကော်မတီ အသီးသီးတို့တွင်တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့ပြင် ၎င်းသည် အထက်လွှတ်တော်ဆိုင်ရာ ကော်မတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
-
ရှရီ  ရမ်  နက်သ်ကိုဗင့်ဒ်သည်  လက်ခ်နောင့်မြို့ ဒေါက်တာ ဘီ အာ အမ်ဘတ်ကာ တက္ကသိုလ်၏   စီမံခန့်ခွဲရေး ဘုတ်အဖွဲ့၌လည်း အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ကော်လ်ကတ္တားမြို့ရှိ စီမံခန့်ခွဲမှုဆိုင်ရာတက္ကသိုလ်တွင် အုပ်ချုပ်ရေး ဘုတ်အဖွဲ့ဝင်အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၄င်းသည်  အိန္ဒိယသမ္မတနိုင်ငံ၏ ၁၄ယောက်မြောက် သမ္မတအဖြစ် တာဝန်မထမ်းဆောင်မီဘီဟာပြည်နယ်၏ ၃၆ ယောက်မြောက် ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ၂ဝ၁၅ ခုနှစ်  သြဂုတ် ၁၆ ရက်မှ ၂ဝ၁၇ ခုနှစ် ဇွန်၂ဝ ရက်အထိ တာဝန် ထမ်းဆောင်ခဲ့သည်။
-
၎င်းသည် ရှေ့နေနှင့် ဝါရင့်နိုင်ငံရေး သမားဖြစ်ပြီး အိန္ဒိယပြည်သူများ၏ ဘဝနှင့် လူ့အဖွဲ့အစည်းအတွင်း ဂုဏ်သိက္ခာရှိမှုနှင့် သာတူညီမျှရှိမှုကို  အလေးထား ထောက်ခံလျက် ရှိသူတစ်ဦးလည်း ဖြစ်သည်။၎င်းသည် ရှရီမတီ ဆာဗီးတာ ကိုဗင့်ဒ်နှင့် ၁၉၇၄ ခုနှစ် မေ ၃ဝ ရက်တွင် လက်ထပ်ခဲ့ကာ သားတစ်ဦးနှင့် သမီးတစ်ဦး ထွန်းကားသည်။ စာဖတ်ခြင်း ဝါသနာထုံပြီး နိုင်ငံရေး၊ လူမှုရေးပြောင်းလဲမှု၊ ဥပဒေ၊သမိုင်းနှင့် ဘာသာရေး စာပေများကို အထူးစိတ်ပါဝင်စားသူ ဖြစ်သည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...