Social Icons

Pages

Friday, June 22, 2018

ယခုနှစ် တောင်ပြုန်းပွဲတော်တွင် ကူးစက်ရောဂါ ဖြစ်ပွားမှုမရှိပါက ကျင်းပခွင့်ပြုမည်



မန္တလေး ၂၂-၆-၂ဝ၁၈

ယခုနှစ်တွင် ကျင်းပမည့် တောင်ပြုန်းပွဲ တော်ကာလတွင် ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်ပွဲတော်ကာလ၌ ဖြစ်ပေါ်ခဲ့သည့် Seasonal Influenza A (H1N1) ရောဂါဖြစ်ပွားမှု မျိုးမရှိပါက ပွဲတော်ကို ပုံမှန်အတိုင်း ကျင်းပခွင့်ပြုသွားမည် ဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၇ခုနှစ် တောင်ပြုန်းပွဲတော် ကျင်းပစဉ်ကာလအတွင်း မြန်မာနိုင်ငံတွင် Seasonal Influenza A (H1N1) pdm 2009 ဖြစ်ပွားချိန်နှင့် တိုက်ဆိုင်နေပြီး တောင်ပြုန်းပွဲတော်မှာ တစ်နိုင်ငံလုံးက လာရောက်သည့် လူဦးရေပမာဏ များပြားကာ H1N1 ရောဂါဖြစ်ပွားမှု၊ ပြန့်ပွားမှုတို့ နှင့်ပတ်သက်၍ အလွန်စိုးရိမ်စရာ အနေအထား ရှိနေသည့်အတွက် ပွဲတော်ကျင်းပခွင့်ကို မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့က အရေးပေါ် ပိတ်သိမ်းကာ H1N1 ရောဂါထိန်းချုပ် နိုင်သည်ထိ ရက်ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။

"ဒီနှစ်ပွဲတော်ကာလမှာ မတ္တရာပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ဦးဆောင်ပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးမယ်။ မနှစ်ကလို ရောဂါဖြစ်ပွား ပျံ့နှံ့တာမျိုးမရှိရင် ပုံမှန်အတိုင်းပဲ ကျန်းမာရေး စောင့်ရှောက်မှု ပေးသွားမယ်။ မနှစ်ကတော့ H1N1ရှိတဲ့အတွက် ရက်ရွှေ့လိုက်ရတော့ အဆင်မပြေ ဖြစ်သွားတယ်"ဟု အဆိုပါဦးစီးဌာနမှူး ဒေါက်တာသန်းဝင်းက ပြောပြသည်။

ယခုနှစ်တောင်ပြုန်း ပွဲတော်ကာလအတွင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ပွဲတော်သို့ လာရောက်ရောင်းချသည့် ဈေးသည်များကို စစ်ဆေးခြင်း၊ ခြင်ဆေးဖျန်းခြင်း၊ ကျန်းမာရေး အသိပညာပေး ခြင်းစသည့် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် တောင်ပြုန်းကြီး ကျေးရွာတွင် တောင်ပြုန်းဆုတောင်းပြည့် ဆုတောင်းရ ဘုရားဗုဒ္ဓပူဇနိယ ဆွမ်းကြီးလောင်းလှူ ပူဇော်ပွဲနှင့် တောင်ပြုန်းမင်းနှစ်ပါး ပွဲတော်ကို ဝါခေါင်လဆန်း ၈ရက်မှ ၁၅ရက်ထိ (သြဂုတ်၁၉ရက်မှ ၂၆ရက်ထိ) ကျင်းပမည်ဖြစ်ပြီး ဈေးဆိုင်ခန်း ၉ဝဝခန့်ထိ နေရာချထားပေးမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်ကျင်းပလေ့ ရှိသည့်ပွဲတော်များအနက် တောင်ပြုန်းပွဲတော်မှာ အစည်ကားဆုံးရိုးရာ ပွဲတော်တစ်ခုဖြစ်ပြီး ပွဲတော်ရက်အတွင်း နေ့စဉ်လာရောက် သူဦးရေ တစ်သိန်းခန့်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...