Social Icons

Pages

Wednesday, August 2, 2017

မန္တလေးမြို့ မြို့ဝင်ဘီးခွန် ကောက်ခံသည့် ဂိတ်များ စည်းကမ်းလိုက်နာမှု အားနည်းနေခြင်းကြောင့် ဒဏ်ကြေးငွေကျပ် သိန်း ၃ဝ ခန့်ထိ တိုးမြှင့် ကောက်ခံရန်စီစဉ်နေ



မန္တလေး ၂-၈-၂၀၁၇

မန္တလေးမြို့ မြို့ဝင်ဘီးခွန် ကောက်ခံသည့် ဂိတ်များတွင် စည်းကမ်းလိုက်နာမှု အားနည်းနေခြင်းကြောင့် ဒဏ်ကြေးငွေကျပ်သိန်း ၃ဝ ခန့်ထိ တိုးမြှင့်ကောက်ခံရန် စီစဉ်နေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

မန္တလေးမြို့တွင် မြို့ဝင် ဘီးခွန်ကောက်ခံနေသော ဂိတ်လေးဂိတ်ဖြစ်သည့် ရွှေကြက်ယက်ဂိတ်၊ အောင်ပင်လယ်ဂိတ်၊ ရွှေကျင်ဂိတ်နှင့် မြစ်ငယ်ဂိတ်တို့၌ မော်တော်ယာဉ်များကို မြို့ဝင်ဘီးခွန်များ ကောက်ခံရာတွင် သတ်မှတ်နှုန်းထားများအတိုင်း ကောက်ခံမှု မရှိသည့်အပြင် အချို့ဂိတ်များရှိ ဗီနိုင်းများသည်လည်း မြင်သာ ထင်ရှားမှုမရှိ ခြင်းကြောင့် ယခင်က ၎င်းဂိတ်များ၌ ဘီးခွန်ကောက်ခံရာတွင် သတ်မှတ်နှုန်းထား အတိုင်းကောက်ခံမှု မရှိလျှင် ဒဏ်ကြေးငွေ အဖြစ် ငွေကျပ် ငါးသိန်းသာ ကောက်ခံခဲ့သော်လည်း ယခု လက်ရှိအချိန်တွင် ဒဏ်ကြေးငွေကျပ် သိန်း ၃ဝခန့်ထိ တိုးမြှင့်ကောက်ခံရန် စီစဉ်နေကြောင်း သိရသည်။

ယခုလက်ရှိအချိန်တွင် မန္တလေးမြို့ရှိ မြို့ဝင်ဂိတ်များ၌ မြို့ဝင်ဘီးခွန် ကောက်ခံရာတွင် တူညီဝတ်စုံများ ဝတ်ဆင်ရမည့်အပြင် ၎င်းဂိတ်များ၌ ကောက်ခံသည့် နှုန်းထားများကို လူအများ အလွယ်တကူမြင်တွေ့နိုင်မည့် နေရာများတွင် ချိတ်ဆွဲထားရန်၊ ဂိတ်အတွင်း သန့်ရှင်းသာယာ လှပရေးအတွက်ပါ လုပ်ဆောင်ထားမှုရှိ၊ မရှိနှင့် ဘီးခွန်ကောက်ခံရာတွင် ပြေစာဖြတ်ပိုင်းများ ပေးခြင်း ရှိ၊ မရှိတို့ကို မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ၊ အခွန်ဌာန က တစ်ပတ်လျှင် နှစ်ကြိမ် ကွင်းဆင်း စစ်ဆေး၍ အရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မန္တလေးမြို့ မြို့ဝင်ဘီးခွန်များ ကောက်ခံရာတွင် ဘီးခွန်ပေး ဆောင်ထားသည့် မော်တော်ယာဉ် များအနေဖြင့် မြို့ဝင်ဘီးခွန်ကြေး ပေးဆောင်စရာမလိုဘဲ ဘီးခွန်မပေးဆောင် ထားသည့် ယာဉ်များသာ ၎င်းဂိတ်များတွင် ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...