Social Icons

Pages

Tuesday, August 1, 2017

ရေကြီးနစ်မြုပ်မှု များကြောင့် မိုးနှမ်းအထွက်နှုန်း ထက်ဝက်ခန့်လျော့ကျ



ရန်ကုန် ၁-၈-၂၀၁၇

ယခုနှစ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးနစ်မြုပ်မှု များကြောင့် မိုးနှမ်းအထွက်နှုန်း ထက်ဝက်ခန့် လျော့ကျပြီး အရည်အသွေး ပိုင်းဆိုင်ရာတွင် ထိခိုက်မှုများ ရှိနေသောကြောင့် တောင်သူများ အခက်အခဲများဖြင့် တွေ့ကြုံလျက် ရှိကြောင်း နှမ်းစိုက်တောင်သူများ ထံမှ သိရသည်။

ပြည်တွင်း၌ နှမ်းများကို နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်၌ အများအပြား စိုက်ပျိုးလျက်ရှိရာ ယင်းဒေသများ၌ မိုးအဆက်မပြတ် ရွာသွန်းသဖြင့် နှမ်းစိုက်ခင်းများ ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

''အရင်နှစ်က နှမ်းတစ်ဧကကို တင်း ၂ဝ လောက်ထွက်ရှိ ရာကနေ ဒီနှစ်မှာ နှမ်းစိုက်ခင်းတွေ မိုးရေနစ်မြုပ်မှုကြောင့် အချိန်မတိုင်မီ ရိတ်လိုက်ရတာ တွေလည်းရှိတယ်။ မိုးရေနစ်မြုပ် သွားတဲ့အတွက် နှမ်းအရည်အသွေး ထိခိုက်ပြီး မှိုကပ်တာတွေလည်း ရှိတယ်'' ဟု စစ်ကိုင်းတိုင်းဒေသကြီးမှ နှမ်းစိုက်တောင်သူ ဦးဘမောင်က ပြောသည်။

ထိုသို့ အရည်အသွေး ထိခိုက်မှုများကြောင့် တစ်အိတ်လျှင် ငွေကျပ် ၇ဝဝဝဝ ခန့် အရှုံးခံရောင်းချ နေသော်လည်း တချို့ပွဲရုံများမှာ ဝယ်ယူမှုမရှိကြောင်း သိရသည်။

နှမ်းအရည်အသွေး ထိခိုက်မှုများကြောင့် နှမ်းဈေးနှုန်းများလည်း ကျဆင်းနေပြီး ယမန်နှစ်ကထက် ဈေးနှုန်းများ ကျဆင်းလာပြီး နှမ်းနက်သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၁၅ဝဝဝ ၊ နှမ်းနီ သုံးတင်းဝင် တစ်အိတ် လျှင် ငွေကျပ် ၉၅ဝဝဝ၊ နှမ်းဖြူသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၇ဝဝဝဝ ၊ နှမ်းညို သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၅ဝဝဝဝ နှင့် ပန်းနှမ်းသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၁ဝဝဝဝ သာဈေးနှုန်းရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...