Social Icons

Pages

Tuesday, July 11, 2017

မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ အာမက်ဒါဘတ်မြို့ အတွင်းလှည့်လည် ကြည့်ရှုလေ့လာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား TATA ကုမ္ပဏီမှတာဝန်ရှိသူများက မော်တော်ယာဉ်ထုတ်လုပ်မှု အခြေအနေများကို ရှင်းလင်းတင်ပြစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့်အဖွဲ့ဝင်များ မဟတ္တမဂန္ဒီ၏ရုပ်တုနှင့် စုပေါင်းဓာတ်ပုံရိုက်စဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  TATA Motors Sanand Plant စက်ရုံရှိ TATA အမျိုးအစား မော်တော်ယာဉ် များကိုကြည့်ရှုစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များ Gujarat Energy Research Management Institute  ၏ Solar Plant သို့ ရောက်ရှိလေ့လာကြစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ဗာကူ နို့ထွက်ပစ္စည်းထုတ်လုပ်မှုကို ကြည့်ရှုလေ့လာစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ မသန်စွမ်းကလေးသူငယ်များပြုစုစောင့်ရှောက်ရေး စင်တာသို့ သွားရောက်လေ့လာစဉ်။

နေပြည်တော် ၁၁-၇-၂၀၁၇

အိန္ဒိယသမ္မတနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်၊ အာမက်ဒါဘတ်မြို့တွင် တရားဝင်ချစ်ကြည်ရေး အလည်အပတ် ခရီးရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၉ ရက်ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် အိန္ဒိယ နိုင်ငံ၏အမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ၏ ပြတိုက်သို့သွားရောက် လေ့လာကြသည်။

ဦးစွာတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆာဘာမတ်တီမြစ်နံဘေးရှိ အမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီနေထိုင်ခဲ့သည့် နေအိမ်ကိုသွားရောက် ကြည့်ရှုလေ့လာကြရာ ပြတိုက်မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။ အဆိုပါနေအိမ်အတွင်း မဟတ္တမဂန္ဒီနေထိုင်ရာအခန်း၊ ၎င်း၏ဇနီးနေထိုင်ရာအခန်း၊ ဧည့်ခန်းတို့တွင် ခင်ကျင်းပြသထားသည့် မဟတ္တမဂန္ဒီ၏လက်ရေးမူဖြင့် ရေးသားထားသော စည်းကမ်း သတ်မှတ်ချက်များ၊ ၎င်း၏ဘ၀ ဖြစ်စဉ်အကျဉ်း၊ ၎င်းအသုံးပြုခဲ့သည့် အသုံးအဆောင် ပစ္စည်းများနှင့် ရိုးရာချည်ငင် နေမှုတို့အားလိုက်လံ ကြည့်ရှုခဲ့ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။

ဆက်လက်ပြီး ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် မြေပဲခွံများဖြင့် ပြုလုပ်ထားသည့် ပုံတူပန်းချီ အပါအ၀င် အမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ၏ သမိုင်းဝင်လှုပ်ရှားမှုများကို ရေးဆွဲထားသည့် ပန်းချီကားများ၊ ရုပ်တု များနှင့် မဟတ္တမဂန္ဒီစီးနင်းခဲ့သည့် စက်ဘီးတို့အား ကြည့်ရှုလေ့လာကြသည်။ ထို့နောက်ပြတိုက်အနီးရှိ မဟတ္တမဂန္ဒီ၏ရုပ်တုနှင့် စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

ယင်းနောက် ညပိုင်းတွင် River Front သို့သွားရောက်၍ အာမက်ဒါဘတ်မြို့လယ်တွင် ဖြတ်သန်းစီးဆင်း နေသည့် ဆာဘာမတ်တီမြစ်၏ ညအလှကိုလေ့လာ ကြည့်ရှုကြသည်။ ဦးစွာတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့အား တာဝန်ရှိသူများက ကြိုဆို၍ မြစ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာလှပရေး စီမံကိန်းဆောင်ရွက်ထားရှိမှုကို ဗီဒီယိုဖြင့်ပြသသည်။ အာမက်ဒါဘတ်မြို့အတွင်း ရှေးယခင်ကမိုးတွင်း အချိန်ကာလများတွင် ဆာဘာမတ် တီမြစ်ရေလျှံလေ့ ရှိသော်လည်း ဂူဂျာရတ်ပြည်နယ်ဝန်ကြီးချုပ် မိုဒီလက်ထက်တွင် ဆည်များ၊ရေတမံများဖြင့် မြစ်ရေကိုစနစ်တကျ ထိန်းသိမ်းခဲ့ခြင်းကြောင့် ရေကြီးရေလျှံမှုများ မဖြစ်ပွားတော့သည့် အပြင် မြစ်ကမ်းနံဘေးတစ် လျှောက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာလှပရေးလုပ်ငန်း များအားဆက်လက် ထိန်းသိမ်းဆောင်ရွက် လာခဲ့ကြောင်း သိရှိရသည်။ ထို့နောက်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကမ်းသာယာလှပရေးစီမံကိန်းမှ အမှုဆောင်အရာရှိချုပ် မစ္စတာ ရာဂျေ့ ရှန်ကာနှင့် တာဝန်ရှိသူများလိုက်ပါ၍ မြစ်ကမ်းနံဘေးတစ်လျှောက် လိုက်လံကြည့်ရှုပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အာမက်ဒါဘတ်မြို့ရှိ ATA Motors Sanand Plant သို့ရောက်ရှိ ကြပြီးစက်ရုံ ရှင်းလင်းဆောင်၌ Plant Head ဖြစ်သူ Mr. Nerray Agarwal နှင့်တာဝန်ရှိသူများကTATA မော်တော်ယာဉ်များ ထုတ်လုပ်မှု အခြေအနေများအား ဗီဒီယိုဖြင့် ရှင်းလင်းတင်ပြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးသည်။ ယင်းနောက် အထိမ်းအမှတ်ပစ္စည်းများ အပြန်အလှန် လဲလှယ်ကြပြီး အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြသည်။ 

ထို့နောက် ပြသထားသည့် TATA အမျိုးအစား မော်တော်ယာဉ်များအား ကြည့်ရှုကြပြီး စက်ရုံအတွင်း မော်တော်ယာဉ် ထုတ်လုပ်မှု အခြေအနေများကို လိုက်လံကြည့်ရှု ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Gujarat Energy Research Management Institute ၏ Solar Plant သို့ရောက်ရှိ လေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြ ကြပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းကြသည်။ ယင်း Solar Plant သည် ဧရိယာအားဖြင့် ၅ ဧကခန့်ရှိပြီး ဆိုလာပြား လေးထောင်ကျော် အားအသုံးပြု၍ နေရောင်ခြည်မှ လျှပ်စစ်စွမ်းအင် ထုတ် ယူလျက်ရှိသည်။ ထိုသို့နေရောင်ခြည်မှ လျှပ်စစ်စွမ်းအင် ထုတ်ယူရာတွင် ဘက်ထရီများဖြင့် တစ်ဆင့်ခံစုဆောင်း ခြင်းမဟုတ်ဘဲ နေရောင်ခြည်မှ လျှပ်စစ်စွမ်းအင်ကို တိုက်ရိုက်မဟာဓါတ်အားလိုင်း အတွင်းပေးပို့သည့် နည်းပ ညာ အသုံးပြု ထုတ်ယူနေခြင်း ဖြစ်ပြီး အိမ်ခြေတစ်ထောင်ခန့် အသုံးပြုနိုင်သည့် လျှပ်စစ်စွမ်းအား ၁ မီဂါဝပ်ထုတ်လုပ် နိုင်ကြောင်း သိရှိရပါသည်။ 

ယင်းလျှပ်စစ်ထုတ်ယူမှု နည်းပညာဖြင့် နေ့အချိန် နေရောင်ခြည် အသုံးပြု၍ စိုက်ပျိုးရေး လုပ်ငန်းများတွင် လျှပ်စစ်စွမ်းအင် တိုက်ရိုက်ရယူ အသုံးပြုနိုင်ခြင်း၊ မိမိလယ်ယာမြေတွင် ဆိုလာပြားဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရောင်းချ နိုင်ခြင်းတို့ကြောင့် နေရောင်ခြည် ကောင်းစွာရရှိသည့် ဒေသများတွင် တောင်သူလယ်သမား များအတွက် များစွာအကျိုးကျေးဇူး ဖြစ်ထွန်းနိုင်ကြောင်း သိရှိရသည်။

မွန်းလွဲပိုင်းတွင် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဂူဂျာရတ် ပြည်နယ်အတွင်းရှိ Anand မြို့သို့သွားရောက်၍ Amul နို့ထွက်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းသို့ သွားရောက် လေ့လာကြသည်။ 

ဦးစွာကုမ္ပဏီ အစည်းအဝေးခန်းမတွင် မန်နေဂျင်း ဒါရိုက်တာဖြစ်သူ Mr. RS Sodhi နှင့်တာဝန်ရှိသူများက ဗီဒီယိုမှတ်တမ်းဖြင့် Amul နို့ထွက်ပစ္စည်း ထုတ်လုပ်မှု သမိုင်းကြောင်းနှင့် ထုတ်လုပ်ဖြန့်ဖြူးမှု အခြေအနေများအား ရှင်းလင်း ပြောကြားသည်။

ရှင်းလင်းပြောကြားမှု အပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နွားနို့၏ သန့်ရှင်းမှုအား ထိန်းသိမ်းမှု၊ နွားများ၏ အစာနှင့်နို့ထွက်ကုန် ပစ္စည်းထုတ်လုပ်မှုတို့တွင် ဓာတုပစ္စည်းကင်းစင်အောင် ထိန်းသိမ်းမှု အခြေအနေများအား မေးမြန်းရာ Mr. Sodhi မှ လုပ်ငန်းစိစစ်ဆောင်ရွက်မှု အဆင့်ဆင့်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း လိုက်လံကြည့်ရှု လေ့လာကြသည်။ ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။

Amul နို့ထွက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းသည် အိန္ဒိယတစ်နိုင်ငံလုံး၌နေရာဖြန့်ခွဲပြီး စက်ရုံပေါင်း ၆၇ ရုံဖြင့် ကုန်ပစ္စည်းများထုတ်လုပ်၍ ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများစွာသို့ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိလျက်ရှိသည်။

မြန်မာတပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါလာသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြကြူလှသည် ယနေ့နံနက်ပိုင်းတွင် အာမက်ဒါဘတ်မြို့ရှိ အမှတ် (၁၁)တပ်မဌာနချုပ်သို့ ရောက်ရှိရာ တပ်မမှူး၏ဇနီးနှင့် အဖွဲ့ဝင်များကကြိုဆို၍ တပ်မဌာနချုပ်ရှိ အမျိုးသမီးသက်သာ ချောင်ချိရေးအဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား Power Point ဖြင့်ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီးက သိရှိလိုသည်များကို မေးမြန်းပြီး မြန်မာ့တပ်မတော်စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီအဆင့်ဆင့် ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်မှုကို ရှင်းလင်း ပြောကြားသည်။

ယင်းနောက် စစ်သည်မိသားစုဝင်များ၏ အသက်မွေးဝမ်းကျောင်းမှု အတတ်ပညာ သင်ကြားနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု လေ့လာသည်။ ယင်းနောက် တပ်မဌာနချုပ်တွင် ဖွင့်လှစ်ထားသည့် မသန်စွမ်း ကလေးသူငယ်များ ပြုစုစောင့်ရှောက်ရေး စင်တာသို့သွားရောက်၍ အလှူငွေများ ပေးအပ်လှူဒါန်းသည်။ ယင်းနောက် တပ်မဌာနချုပ်ရှိ မိသားစုများက တည်ခင်းဧည့်ခံသည့် လက်ဖက်ရည်ဝိုင်းတွင် အတူတကွရင်းနှီးစွာ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...