Social Icons

Pages

Monday, June 26, 2017

စောဂေါ်မူဒိုနှင့် မွေထိုင်းလက်ဝှေ့ကျော် ပရတ်စမွီးတို့ သရေရလဒ်သာထွက်ပေါ်


စောဂေါ်မူဒိုနှင့် မွေထိုင်းလက်ဝှေ့ကျော် ပရတ်စမွီးတို့ ယှဉ်ပြိုင်ထိုးသတ်စဉ်။

ရန်ကုန် ၂၆-၆-၂၀၁၇

မြန်မာ၊ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဥဇဘတ်ကစ္စတန်နိုင်ငံတို့မှ ရိုးရာလက်ဝှေ့ကျော်များ ပါဝင်ယှဉ်ပြိုင် ထိုးသတ်သော LETHWEI NATION FIGHT ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကြီးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ ကျင်းပသည်။

အဆိုပါရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ကြီးတွင် ပါဝင်ယှဉ်ပြိုင်ထိုးသတ် ခဲ့သောလက်ဝှေ့ သမားများမှာ ပညာကုန်ထုတ်သုံးပြီး ယှဉ်ပြိုင်ထိုးသတ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ရိုးရာလက်ဝှေ့ပရိသတ်များ အကြိုက်တွေ့ခဲ့သည်။

ယင်းရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ကြီးတွင် ပြည်တွင်းရိုးရာ လက်ဝှေ့ သမားများအချင်းချင်း ယှဉ်ပြိုင်ထိုးသတ်သော ပွဲစဉ်နှစ်ပွဲနှင့် လေးနိုင်ငံ လက်ဝှေ့သမားများ ယှဉ်ပြိုင်ထိုးသတ်သောပွဲစဉ် ငါးပွဲအပါအဝင် စုစုပေါင်းခုနစ်ပွဲ ပါဝင် ယှဉ်ပြိုင်ထိုးသတ် ခဲ့သည်။

ပြည်တွင်းရိုးရာ လက်ဝှေ့သမားများ အချင်းချင်း ယှဉ်ပြိုင်ထိုးသတ်ခဲ့သော ဆလိုင်းချမ်းမြေ့ကိုနှင့် ရဲရင့်သွေး၊ ဒေါင်းဖြူလေးနှင့် ခွန်လင်းထက်တို့၏ ပွဲစဉ်များတွင် ယှဉ်ပြိုင်ထိုးသတ်သော လက်ဝှေ့သမားများမှာ လူငယ်လက်ဝှေ့ သမားများပီပီ အနိုင်ရရှိအောင် ပညာကုန်ထုတ်သုံးပြီး ယှဉ်ပြိုင်ထိုးသတ်ခဲ့ သော်လည်း လက်ရည်ညီနေ သဖြင့်နှစ်ပွဲစလုံး သရေရလဒ်များသာ ထွက်ပေါ်ခဲ့သည်။

ကရင်လေး (မြန်မာ) နှင့် ဘိုနမ် (ထိုင်း) တို့ပွဲစဉ်တွင် ပွဲစတင်သည်ဆိုသည်နှင့် ကရင်လေးက ဘိုနမ်ကို ဖိထိုးခဲ့သည်။ ကရင်လေးမှာ ဘိုနမ်ထက်လက်ရည် သာခြင်းကြောင့် ပထမအချီ၌ပင် ကရင်လေး အနိုင်ရရှိခဲ့သည်။

မိုးဟိန်း (မြန်မာ) နှင့် လဖေး (ကမ္ဘောဒီးယား) တို့ပွဲစဉ်တွင်မူ တတိယအချီ၌ လဖေးအနိုင် ရရှိခဲ့သည်။ ကြယ်စင်ဖြိုး (မြန်မာ)နှင့်ဒန်ဖိုဆိုင်း (ထိုင်း) တို့ပွဲစဉ်မှာမူ သရေရလဒ် ထွက်ပေါ်ခဲ့သည်။ မိုက်ရိုင်းလေး (မြန်မာ)နှင့်တိုလာဘတ် (ဥဇဘတ်ကစ္စတန်) တို့ပွဲစဉ်တွင် မိုက်ရိုင်းလေးက တိုလာဘတ်ထက် ပညာနှင့် မာဂုဏ်တွင် များစွာသာခဲ့ပြီး စတုတ္ထအချီတွင် မိုက်ရိုင်းလေး အနိုင်ရရှိခဲ့သည်။ အဓိက ပွဲစဉ်ကြီးအဖြစ် ယှဉ်ပြိုင်ထိုးသတ် ခဲ့သောစောဂေါ်မူဒို (မြန်မာ) နှင့် မွေထိုင်းလက်ဝှေ့ကျော် ပရတ်စမွီး (ထိုင်း) တို့ပွဲစဉ်တွင် နှစ်ဦးစလုံးမှာ လူငယ်လက်ဝှေ့သမားများ ဖြစ်သည်နှင့်အညီ အနိုင်ရရှိရန်အတွက် ပညာစုံထုတ်သုံးပြီး ဖွင့်ထိုးခဲ့သော်လည်း လက်ရည် ညီနေ သဖြင့် ပွဲပြီးဆုံးချိန်တွင် သရေရလဒ်သာ ထွက်ပေါ်ခဲ့သည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...