Social Icons

Pages

Tuesday, June 27, 2017

မင်းဘူးမြို့နယ်တွင် ရေသွင်းစိုက်ပျိုးသည့် ငရုတ်များ အထွက်နှုန်းကောင်းကာ ဈေးကောင်းရရှိ



မင်းဘူး ၂၇-၆-၂၀၁၇

မင်းဘူးခရိုင် မင်းဘူးမြို့နယ် ရေမျက်ကျေးရွာတွင် ရေသွင်းစိုက်ပျိုးသည့် ငရုတ်များ အထွက်နှုန်းကောင်းကာ ဈေးကောင်းရရှိနေကြောင်း ငရုတ်စိုက် တောင်သူများထံမှ သိရသည်။

ဆောင်းသီးနှံအဖြစ် စိုက်ပျိုးသော ငရုတ်သီးမှာ ဆောင်းကုန်ခါ နီးထွက်ရှိပြီး တစ်ပိဿာလျှင် ငွေကျပ် ၅ဝဝ၊ ၆ဝဝသာ ရရှိ၍ ယခုထွက်ရှိသော ရေသွင်းစိုက်ပျိုးသည့် ငရုတ်မှာ ငရုတ်ရှားပါးချိန် ဖြစ်သဖြင့် တစ်ပိဿာလျှင် ငွေကျပ်၁ဝဝဝ၊ ၁၂ဝဝဈေးထိ ရရှိကြောင်း သိရသည်။

''ငရုတ်ကို ရေသွင်းစိုက်ဖို့ဆိုရင် ငရုတ်ပျိုးတွေကို တန်ခူးလ ကုန်လောက်ကနေ စတင်ပျိုးထောင် ရပါတယ်။ ပျိုးပင်အသက် ရက် ၄ဝလောက်မှာ ကွန်ပေါင်း မြေသြဇာကျွေးပြီး မြေပြင်စိုက်ခင်း အတွင်း သုံးပေခြား အတန်းလိုက်စိုက်တယ်။ မိုးဦးကာလ စိုက်ပျိုးတဲ့အတွက် မိုးရေစိမ့်ဝင်မှုများရင် အပင်ပုပ်တဲ့ရောဂါ ကျရောက်တတ် ပါတယ်။ အခုအချိန်မှာ စတင်ခူးဆွတ် ရောင်းချနေပါတယ်'' ဟုမင်းဘူးမြို့နယ် ရေမျက်ကျေးရွာမှ ငရုတ်စိုက်တောင်သူ တစ်ဦး က ပြောပြသည်။

စားဖိုဆောင်သီးနှံ ဖြစ်သော ငရုတ်သီးကို ယခင်နှစ်က မင်းဘူးမြို့နယ်အတွင်း ၁၂၄ဧက စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် ရေသွင်းငရုတ် စိုက်တောင်သူများရှိလာ၍ ယခင်နှစ်ကထက် စိုက်ဧကတိုးမြှင့်ကာ စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

''ရေသွင်းငရုတ်ကို အခုလို ငရုတ်သီးရှားချိန်မှာ ထွက်ရှိတဲ့အတွက် ဈေးကောင်းလဲရတယ်။ ခုနစ်ရက်တစ်ကြိမ် ငရုတ်သီးခူးဆွတ်ပြီး ဆွတ်တဲ့နေ့ဆို အလုပ်သမား လေးယောက်၊ ငါးယောက် လောက်ငှားပြီး ခူးဆွတ်ရတယ်။ခူးဆွတ်ပြီး အသီးအထွက်နှုန်း ကောင်းအောင် မြေသြဇာထည့် ရတယ်။ ဒါ့ပြင် အပင်အားဆေးပက်ဖျန်း ပေးရပါတယ်''ဟု ရေမျက်ကျေးရွာမှ ငရုတ်စိုက်တောင်သူ တစ်ဦးက ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...