Social Icons

Pages

Monday, December 8, 2014

အမေရိကန် စားသောက်ဆိုင်များတွင် ဟင်းလျာနှင့် ကယ်လိုရီပမာဏ တွဲဖက် ဖော်ပြရမည်



ဝါရှင်တန် ၊ ၈-၁၂-၂၀၁၄

အစားအစာ နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေးဌာန FDA သည် အမေရိကန်နိုင်ငံ ရှိ စားသောက်ဆိုင် များနှင့် အပန်းဖြေ ဥယျာဉ်များတွင် ရောင်းချနေသည့် စားသောက် ဖွယ်ရာများတွင် ပါဝင်သော ကယ်လိုရီ ပမာဏကို ဟင်းလျာ စာရင်းပေါ်၌ တိကျစွာ ဖော်ပြရန် ညွှန်ကြား ထားကြောင်း သိရသည်။

အမေရိကန် နိုင်ငံတွင် အဝလွန်ခြင်း ပြဿနာက နိုင်ငံတစ်ဝန်းတွင် ပို၍များပြား လာပြီဖြစ်ပြီး အဝလွန် နေသည့် အမေရိကန် လူမျိုးမှာ သန်းနှင့်ချီ ရှိနေသဖြင့် အစားအစာ နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ဌာန FDA က အဝလွန်ခြင်း ပြဿနာကို လျှော့ချနိုင်ရန် အတွက် အမေရိကန် စားသောက်ဆိုင် များ၌ ရောင်းချနေသည့် အစားအသောက် တွင်ပါဝင်သော ကယ်လိုရီ ပမာဏကို တွဲဖက် ဖော်ပြသွားရန် ညွှန်ကြား လိုက်သည်။ 

ယခင် လေ့လာမှုများ ပြုလုပ်ခဲ့ရာတွင် အမေရိကန် လူမျိုးများ နေ့စဉ် စားသုံးသည့် ကယ်လိုရီ၏ သုံးပုံ တစ်ပုံခန့်မှာ အပြင်ဆိုင်မှ ဝယ်ယူ စားသုံးသော အစားအသောက် များမှရရှိကြောင်း တွေ့ရှိခဲ့သည်။ အချို့ စားသောက်ဆိုင် များတွင် အစားအစာ များကို ပွဲကြီးဖြင့် ရောင်းချပေးလေ့ ရှိသဖြင့် စားသုံးသူတို့က မထင်မှတ်ဘဲ ကယ်လိုရီ ပမာဏ များစွာ စားသုံးမိသည်။

ထို့ကြောင့် အစားအစာနှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေးဌာန FDA က အမေရိကန် နိုင်ငံရှိ ဆိုင်ခွဲ ၂ဝ နှင့် အထက် တည်ထောင် ထားသော စားသောက်ဆိုင် ပိုင်ရှင်များကို တစ်နှစ် အချိန်အတွင်း ၄င်းတို့၏ ဟင်းလျာစာရင်း၌ ကယ်လိုရီ ပါဝင်မှုနှုန်းကို တိကျစွာ လေ့လာ ဖော်ပြစေသည်။

ထို့ပြင် FDA က စားသောက်ဆိုင် တို့၏ ဟင်းလျာ စာရင်းတွင် ပရိုတိန်းမှ ရရှိနိုင်မည့် ကယ်လိုရီ ပမာဏ၊ အဆီ၊ သကြား၊ ကိုလက်စထရော ဓာတ်တို့၏ အာဟာရ ဆိုင်ရာ အချက်အလက်များ စသည့် ကျန်းမာရေး အချက်အလက် များကို လည်း ရေးသားဖော်ပြ သွားရန် တိုက်တွန်း ခဲ့သည်။

FDA ၏ အဆိုပါ စည်းကမ်းချက် အသစ်မှာ စားသောက်ဆိုင်များ အပြင် ပျော်ပွဲစား ဥယျာဉ်များ နှင့် ရုပ်ရှင်ရုံ တို့နှင့်လည်း သက်ဆိုင်ပြီး ၄င်းတို့၏ ဟင်းလျာစာရင်း ပေါ်တွင် ပါဝင်သည့် အစားအသောက် တို့၏ ကယ်လိုရီ ပမာဏကို ဝယ်ယူသူက အလွယ်တကူ သိရှိနိုင်မည် ဖြစ်သဖြင့် စားသုံးသူတို့က ကယ်လိုရီ ပါဝင်မှု မြင့်မားသော အစားအသောက် များကို ရှောင်ကြဉ်နိုင် တော့မည် ဖြစ်သည်။ FDA ၏ စည်းမျဉ်း အသစ်ကြောင့် စားသောက်ဆိုင် ပိုင်ရှင်များ ကလည်း ၄င်းတို့၏ ဟင်းလျာ၌ ကယ်လိုရီ ပါဝင်မှုပမာဏ လျော့နည်းစေရန် ကျန်းမာရေးနှင့် ညီညွတ်အောင် ချက်ပြုတ် ရတော့မည် ဖြစ်ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...