Social Icons

Pages

Thursday, December 25, 2014

မည်သူက အစပြုခဲ့၍ မည်သူတွေ လက်ခံကျင့်သုံး နေကြပါသနည်း


မည်သူက အစပြုခဲ့၍ မည်သူတွေ လက်ခံကျင့်သုံး နေကြပါသနည်း

ယောနသံ

တစ်နှစ်လျှင် ၁၂ လရှိပြီး လတိုင်း၊ လတိုင်း၌လည်း ရာသီအလိုက် ပွဲတော်များ ရှိသည့် ကျွန်တော်တို့၏ မြန်မာနိုင်ငံတွင် တစ်နှစ်ပတ်လုံး ပွဲတော်များ ရှိနေသော်လည်း ထို ပွဲတော်တိုင်းသည် ဘာသာရေး နှင့် ယဉ်ကျေးမှုတို့ ပေါင်းစပ်ထားသည့် အဓိပ္ပာယ် ပြည့်ဝသော ကြည်နူးချမ်းမြေ့ ရသည့် ပွဲတော်များသာ ဖြစ်ကြသည်။

ကြည်နူးချမ်းမြေ့ စရာကောင်းသော ပွဲတော်များ အနက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပျော်ရွှင်စွာ ဆင်နွှဲကြသော ပွဲတော်မှာ တန်ခူးလ သင်္ကြန်ပွဲတော်၊ တစ်နည်းအားဖြင့် မြန်မာလူမျိုး တို့၏ အဓိပ္ပာယ် ပြည့်ဝသော နှစ်သစ်ကူး ပွဲတော်ပင် ဖြစ်သည်။ နှစ်ဟောင်းမှ အကုသိုလ် အညစ်အကြေး များကို နှစ်သစ်သို့ မသယ်ဆောင် တော့ဘဲ အေးမြ ကြည်လင်သော သင်္ကြန်ရေနှင့် ဆေးကြော သန့်စင်ခြင်း အဓိပ္ပာယ်ကို ဆောင်၍ အတာရေပက် ကစားခြင်း၊ ဘိုးဘွား ၊ မိဘများအပေါ် ကာယကံ၊ ဝစီကံ၊ မနောကံဖြင့် ပြစ်မှားမိသော အပြစ်များရှိပါက ပြေပျောက်စေရန် အမိ၊ အဖတို့၏ ကြီးမြတ်သော ဂုဏ်ကျေးဇူးကို နှလုံးအိမ်ဝယ် ထည့်၍ ဆယ်ဖြာလက်စုံ မိုးကာ သောက်ရေအိုး လေးထဲ ရေအပြည့်ထည့်၊ စားသောက် ဖွယ်ရာ၊ အဝတ်အစား၊ ငွေကြေး စသည်တို့ဖြင့် ကန်တော့ခြင်း၊ သက်ကြီး ပူဇော်ပွဲများ၊ ဘုရား၊ကျောင်းကန် တို့တွင် ဥပုသ် သီတင်းသီလ ဆောက်တည်ခြင်း၊ ဒုလ္လဘ ရဟန်းခံခြင်း၊ သားငါး တိရစ္ဆာ န်များကို ဘေးမဲ့လွှတ်ခြင်း စသော ကောင်းမှုကုသိုလ် တရားများဖြင့် ကြည်နူး ပျော်ရွှင်စွာ နှစ်သစ်ကို ကူးကြသည်။ ထို့ကြောင့် ထို သင်္ကြန် နှစ်သစ်ကူး ပွဲတော်ကို ကျွန်တော်တို့ ဟိုးငယ်စဉ် ကလေးဘဝ ကတည်းက သိခဲ့၊ ပျော်ခဲ့၊ ဆင်နွှဲခဲ့ဖူး၍ အဓိပ္ပာယ် ပြည့်ဝသော မြန်မာ့ နှစ်သစ်ကူး ပွဲတော်ဟု ခိုင်မာစွာ ပြောခဲ့ခြင်း ဖြစ်သည်။

ယနေ့ ပစ္စက္ခအချိန် ၁၂ လပိုင်း ဒီဇင်ဘာ ၃၁ ရက်နေ့ ည ၁၂ နာရီ ထိုးသည်နှင့် တစ်ပြိုင်နက် တစ်၊နှစ်၊သုံး '' Happy New Year '' ဟု လူအများ ဝိုင်းဖွဲ့ကာ သံပြိုင် ဟစ်အော်၍ မီးရှူး၊မီးပန်းများ ပစ်လွှတ်ခြင်း၊ ဗြောက်အိုးများ ဆူညံစွာ ဖောက်ခြင်းတို့ ပြုလုပ်ကာ နှစ်သစ်မင်္ဂလာသို့ ကူးပြောင်းခြင်း ဟု အဓိပ္ပာယ်ရသော ပွဲတော်ကို မန္တလေးမြို့တွင် အုတ်အော် သောင်းတင်း ဆင်နွှဲကြမည် ဖြစ်သည်။ ထိုသို့ ည ၁၂ နာရီ မရောက်ရှိ သေးခင် ညနေ ၃ နာရီ၊ ၄ နာရီခန့်မှ စတင်၍ '' Happy New Year '' ကြိုဆိုကြရန် တာစူနေကြသော လူကြီး၊ လူလတ်၊ လူငယ်အပေါင်း တို့သည် အရက်ဆိုင်၊ ဘီယာဆိုင်များ၌ အစပျိုး နေကြမည် ဖြစ်သည်။ ထိုမှတစ်ဆင့် မြို့တွင်း၊ မြို့ပြင်၊ မြို့ငယ်၊ မြို့ကြီး စသည်တို့၏ လမ်းမ တစ်လျှောက်တွင် မျိုးစုံလှသော ဆိုင်ကယ်များစွာ တို့နှင့် ရှုပ်ယှက်ခတ်ကာ လူးလာ ခေါက်ပြန် မောင်းနှင် နေကြပြီး အချို့ဆိုလျှင် အိတ်ဇောဖွင့်၍ ကျယ်လောင်သော အသံကို ပေးကာ '' Happy New Year '' ကိုကြိုဆိုကြသည်။ မြူးကြွသော သံစဉ် တီးခတ်မှုများ နှင့်အတူ စတိတ်ရှိုး ဖျော်ဖြေပွဲများ ကျင်းပကာ ပျော်ရွှင်မြူးတူးစွာ ကခုန်၍ ''Happy New Year'' ပွဲတော်ကြီးကို ဆင်နွှဲကြသည်။ ဘီယာ၊ အရက်၊သေရည် သောက်သုံး၍ နှစ်သစ်ကို ကြိုဆိုမှ မင်္ဂလာရှိသော နှစ်သစ်ကို ရရှိပါမည်လော ဟု စဉ်းစားမိသည်။ ဒါသည် မင်္ဂလာရှိသော မြန်မာ့ရိုးရာ ယဉ်ကျေးမှု ပွဲတော်များ အတွင်း ထိုးဖောက် ဝင်ရောက်လာသော တိုင်းတစ်ပါး ပွဲတော်တစ်ခု ဟုပင် ထင်မြင်မိ ပါသည်။

ထို့နောက် တိုင်းတစ်ပါး ပွဲတော်တစ်ခုမှာ ဖေဖော်ဝါရီ ၁၄ ရက်တွင် ကျရောက်သော ချစ်သူများနေ့ပင် ဖြစ်သည်။ ဤ နိုင်ငံအတွင်း မှီတင်းနေထိုင် ကြကုန်သော ချစ်သူစုံတွဲ အပေါင်းတို့သည် ယခု ကတည်းကပင် အချိန်းအချက်များ ပြုလုပ် နေကြပြီဖြစ်သည်။ တို့တစ်တွေ ကန်တော်ကြီးမှာ ဆုံရအောင်။ မန္တလေးတောင်ခြေ ကို လာခဲ့ပါ။ ကျုံးထောင့်ကပဲ စောင့်နေမယ်။ တိရစ္ဆာန် ဥယျာဉ်မှာ တွေ့မယ်။ စသည်ဖြင့် ကြိုပွိုင့်များ ရိုက်နေကြပြီ။ ချစ်သူအတွက် ဘယ် ချောကလက်ကို ဝယ်ရမည်နည်း၊ အသည်းလေး အတွက် မွေးပွ အရုပ်လေးကို ဆင်တူဝယ်ရလျှင် ကောင်းမည်လား၊ သို့တည်းမဟုတ် ကီးချိန်း ဆင်တူလေး ဟန်းဆက်မှာ ဆွဲလျှင်ကော၊ တို့တစ်တွေအင်္ကျီအပြာလေး ကို ဆင်တူဝတ်ကြ ရအောင် စသည် စသည်ဖြင့် ချစ်သူများနေ့ ဟု ကမ္ပည်းတင်၍ ထိုနေ့ကို ပျော်ပျော်ကြီး ဆင်နွှဲကြရန် တာစူနေကြပြီ ဖြစ်သည်။

ဤ အစဉ်အလာ မှာလည်း မြန်မာတို့၏ နေ့ထူး၊နေ့မြတ် မဟုတ်သည်မှာတော့ သေချာလှ ပါသည်။ မည်သို့ဆိုပါစေ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ဘီယာသောက်၊ မီးရှူးမီးပန်း ဖောက်၍ နှစ်သစ်ကို ကြိုဆို နေကြသော မြန်မာလူမျိုး အပေါင်းနှင့်... ချစ်သူများနေ့ အဖြစ် လက်ခံ ကျင့်သုံးနေ ကြသော မြန်မာ အမျိုးသမီးငယ် အပေါင်းတို့သည် မိမိတို့ရိုးရာ ယဉ်ကျေးမှု များကို သိရှိနားလည် နိုင်ရန် ကြိုးစားကြရင်း... ဟီရိသြတ္တပ္ပ တရား (အရှက်အကြောက်) ကို မြဲမြံစွာ ထိန်းသိမ်းနိုင်ကြ ပါစေဟု ရေးသား တိုက်တွန်းလိုက်ရ ပါသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...