Social Icons

Pages

Friday, February 15, 2019

မြန်မာ့ပရိဘောဂ ထုတ်လုပ်ရောင်းချမှု ကဏ္ဍမြှင့်တင်နိုင်ရန် ပရိဘောဂပြပွဲ ကျင်းပ

မြန်မာ့ပရိဘောဂ ထုတ်လုပ်ရောင်းချမှု ကဏ္ဍမြှင့်တင်နိုင်ရန် ပရိဘောဂပြပွဲ ကျင်းပ
-
ရန်ကုန်  ဖေဖော်ဝါရီ  ၁၄ 
-
မြန်မာနိုင်ငံ ကြိမ်နှင့်ဝါး လုပ်ငန်းရှင်များ အသင်းနှင့် သစ်အခြေခံပရိဘောဂ လုပ်ငန်းရှင်များ အသင်းတို့  ပူးပေါင်းကျင်းပသည့် Myanmar International Furniture Expo-2019 နှင့်  ပရိဘောဂပြပွဲကို ယနေ့တွင်ရန်ကုန် တိုင်းဒေသကြီး  ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ကျင်းပသည်။ 
-
''ပရိဘောဂဖြစ်တဲ့အတွက် နေ့စဉ်မဖြစ်မနေသုံးရတဲ့ ပစ္စည်းတွေရဲ့ ရောင်းအားနဲ့ တော့မတူဘူး။ အခုလိုပြပွဲတွေလုပ်တော့ ပြပွဲမှာလာကြည့်ကြတဲ့သူတွေက လိပ်စာတွေ ယူသွားကြတယ်။သူတို့ရဲ့မိသားစုပဲဖြစ်ဖြစ်၊ မိတ်ဆွေ ပဲဖြစ်ဖြစ် ပရိဘောဂလိုအပ်ရင် လာဝယ်ကြတယ်။  ပြပွဲကနေ ရောင်းအားကတော့ တက်လာပါတယ်'' ဟု ပရိဘောဂ အရောင်းပြခန်းမန်နေဂျာ  မယမင်းထက် ကပြောသည်။
-
ယင်းပြပွဲကို မြန်မာ့ပရိဘောဂ ထုတ်လုပ်ရောင်းချမှု ကဏ္ဍမြှင့်တင်နိုင်ရန် ရည်ရွယ်၍ ဖေဖော်ဝါရီ  ၁၄ ရက်မှ  ၁၇ ရက်အထိ လေးရက်တိုင်တိုင် ကျင်းပလျက်ရှိပြီး ပြပွဲ၌ ကုမ္ပဏီ ၄၈ ခုမှ ပြခန်းပေါင်း ၁၆၉ ခန်း ပါဝင်ကာ ကြိမ်၊ ဝါး၊ ကျွန်း၊ သစ်၊ အိမ်တွင်းအလှဆင် ကြွေဖန်ခွက်များ၊ စပရိန်မွေ့ရာများ၊ ဆက်တီခုံများ၊ ဝိုင်နှင့် ကော်ဖီမှုန့် စသည်တို့ကို ပြသရောင်းချလျက်ရှိကြောင်း သိရသည်။ 
-
အဆိုပါပြပွဲကိုသယံဇာတကုန်ကြမ်း အားပြုသော စီးပွားရေးမှ တန်ဖိုးမြင့်ပစ္စည်း ထုတ်လုပ်ခြင်းသို့ ကူးပြောင်းနိုင်ရန်၊အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်ဖော်ထုတ်နိုင်စေရန်၊ ဆင်းရဲမှုတိုက်ဖျက်ရေးအတွက် အထောက် အကူ ပြုနိုင်ရန်၊ ပြည်ပသွင်းကုန် အားပြုနေသောအနေအထားမှ ပြည်တွင်း၌   ထုတ်လုပ်နိုင်စေရန်၊ကုန်ကြမ်းတန်ဖိုးထက် ဒီဇိုင်းတန်ဖိုးပိုသည့် Value Added ပရိဘောဂထုတ်လုပ်သူများပိုမိုပေါ်ထွက်လာစေရန်၊ ပြည်တွင်းဈေးကွက်ကို အားပြုနေသည့် ပရိဘောဂ ဈေးကွက်ထက် နိုင်ငံတကာအဆင့်မီ ပရိဘောဂပြပွဲအဆင့် ပေါ်ထွက်လာစေရန်နှင့် နိုင်ငံတကာနှင့် ချိတ်ဆက်ပြီးနည်းပညာနှင့် လုပ်ထုံးလုပ်နည်းစနစ်များ တိုးတက်လာရေး ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...