Social Icons

Pages

Thursday, November 19, 2015

အားကစားမြင်ကွင်းဂျာနယ် အတွဲ(၄) အမှတ်(၄၆)



အားကစားမြင်ကွင်းဂျာနယ် အတွဲ(၄) အမှတ်(၄၆)

Download Links


မြန်မာနိုင်ငံအနှံ့အပြား၌ တရုတ်လိုင်လီ (အဖြူရောင်) ပန်းပင်များ စိုက်ပျိုးမှု ပိုမိုများပြားလာ



ရန်ကုန် ၊ ၁၉-၁၁-၂၀၁၅

ယခင်က တရုတ်လိုင်လီ (အဖြူရောင်) ပန်းမျိုးများကို အအေးပိုင်း ဒေသများတွင်သာ စိုက်ပျိုးခဲ့ သော်လည်း ယခုနှစ်တွင် အပူပိုင်းဒေသ များ၌ပါ စိုက်ပျိုးရန် မျိုးဥများဝယ်ယူ မှုများ ရှိနေကြောင်း သိရသည်။

''ဒီလပိုင်းထဲမှာ စတင်စိုက်ပျိုးရင် မေလနဲ့ ဇွန်လပိုင်းမှာ အပွင့်တွေ ပွင့်ပါပြီ။ ဒီလပိုင်းမှာ စစိုက်ပျိုး ရတာကြောင့် အခုမျိုးဥ ဝယ်ယူမှုတွေ များနေပါတယ်။ လိုင်လီပန်းကို စိုက်ပျိုးရတာ မှိုဆေးဖိုးနဲ့ ပိုးသတ်ဆေးဖိုး သက်သာပါတယ်။ အပင်ကြီးလာမှ ကြက်ချေး၊ မြေဆွေးကို လခြားပြီး ကျွေးပေးရင်ရပါပြီ။ ဒီပန်းဟာ သက်ရှည်မျိုး ဖြစ်တာကြောင့် စိုက်ပျိုးသူတွေ အတွက် အဆင်ပြေ ပါတယ်။ အခုနေရာ ဒေသမရွေး စိုက်ပျိုးလို့ ရတော့ ဝယ်ယူမှု များနေပါတယ်'' ဟု သူရိန်မင်း ပန်းစိုက်ပျိုးရေး ခြံမှ သိရသည်။

ဈေးကွက်အတွင်း တရုတ်လိုင်လီ ပန်းများသည် ကြာရှည်ခံပြီး အပွင့်ကြီး ခြင်းကြောင့် မြန်မာလိုင်လီပန်း များထက် ပို၍လူကြိုက် များကြောင်း သိရသည်။

၎င်းပန်းကို စိုက်ပျိုးရာတွင်လည်း နွားချေးထူထူ ပုံကာ စိုက်ရပြီး တခြားဂန္ဓာမာ ပန်းများကဲ့သို့ နေ့စဉ် ပိုးသတ်ဆေး ဖျန်းပေးစရာ မလိုဘဲ နှစ်လသား အရွယ်မှသာ အနည်းငယ် ဖျန်းပေးရသဖြင့် အကုန်အကျ သက်သာပြီး ဈေးကွက်လည်း ရှိခြင်းကြောင့် ယခုနှစ်တွင် စိုက်ပျိုးရန် မျိုးဥများ ဝယ်ယူမှု များပြားနေခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လိုင်လီပန်းဥ တစ်ဥလျှင် ကျပ် ၁၇ဝ ခန့်ပေးရပြီး ပန်းများပွင့် လာလျှင်လည်း တရုတ်လိုင်လီ (အဖြူရောင်) ၏ တစ်ပွင့် သို့မဟုတ် နှစ်ပွင့်၊ သုံးပွင့်ပါ တစ်ခက်လျှင် မြန်မာငွေ ကျပ် ၇ဝဝ မှ ၁၅ဝဝ ကြား ရှိခြင်းကြောင့် ဈေးကွက်ရှိပြီး တာရှည်ခံ သဖြင့် ဈေးကွက်အတွင်း လူကြိုက်များကာ စိုက်ပျိုးမှု များပြား လာရခြင်း ဖြစ်ကြောင်း သိရသည်။ (သီရိ)

မြ၀တီနေ့စဉ် ၊ စာ(၂၄)

အိန္ဒိယနိုင်ငံမှ တိရစ္ဆာန်အစာ ကုန်ကြမ်းများ ကန်ထရိုက်စာချုပ်ဖြင့် ၀ယ်ယူရန်ညှိနှိုင်း



ရန်ကုန် ၊ ၁၉-၁၁-၂၀၁၅

အရောအနှောများ မပါဝင်ဘဲ အရည်အသွေး ပြည့်မီသည့် တိရ စ္ဆာန်အစာ ကုန်ကြမ်းများကို ပုံမှန်ဝယ်ယူ ရရှိနိုင်ရန် အိန္ဒိယနိုင်ငံနှင့် ကန်ထရိုက်စာချုပ် ချုပ်ဆိုရေး ညှိနှိုင်းမှုများ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါး၊ ပုစွန်အစာ ထုတ်လုပ် ရောင်းဝယ်သူများ အသင်းမှ သိရသည်။

လက်ရှိတွင် တိရစ္ဆာန်အစာ ကုန်ကြမ်းများ ဖြစ်သည့် ပဲဖတ်၊ နှမ်းဖတ်၊ မုန်ညင်းဖတ်နှင့် ပန်းနှမ်း တို့ကို အမေရိကန်၊ အာဂျင်တီးနားနှင့် အိန္ဒိယ အစရှိသည့် နိုင်ငံတို့မှ တင်သွင်း ဝယ်ယူလျက် ရှိပြီး ကန်ထရိုက် စာချုပ်ဖြင့် ပုံမှန် ဝယ်ယူနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

လက်ရှိတွင် ပြည်ပမှ မှာယူတင်သွင်း နေသည့် တိရစ္ဆာန်အစာ ကုန်ကြမ်းများ အနက် အမေရိကန် နိုင်ငံမှ တင်သွင်းသည့် အစာ ကုန်ကြမ်းများမှာ အရည်အသွေး အကောင်းဆုံးနှင့် ဈေးနှုန်း အမြင့်မားဆုံး ဖြစ်နေခြင်း ကြောင့် အနည်းငယ်သာ တင်သွင်း နေကြောင်း သိရသည်။ ထို့ပြင် အာဂျင်တီးနား နိုင်ငံမှ အများဆုံးမှာယူ တင်သွင်းနေရပြီး အိန္ဒိယနိုင်ငံ မှလည်း တင်သွင်း မှာယူမှု များကို ၄ဝ ရာခိုင်နှုန်းခန့် ပြုလုပ် နေရကြောင်း မြန်မာနိုင်ငံ ငါး၊ ပုစွန်အစာ ထုတ်လုပ် ရောင်းဝယ်သူများ အသင်း ဥက္ကဋ္ဌ ဒေါက်တာ သက်မှူး ကပြောသည်။

''အရင်ကဆို အစာကုန်ကြမ်း တွေကို ပြည်ပကနေမှာရင် ကနဦးတော့ အရည်အသွေး ကောင်းတာ တွေပေးတယ်။ မှာတာ များလာရင် နောက်ပိုင်းမှာ အရောအနှော ပါတာတွေ၊ အရည်အသွေး မပြည့်ဝ တာတွေကိုပေးတယ်။ အဲဒါကြောင့် နောက်ပိုင်း ကန်ထရိုက် စာချုပ်နဲ့မှာဖို့ ညှိနှိုင်းတာပါ။ အရည်အသွေး တစ်သမတ်တည်း ရှိတဲ့ အစာကုန်ကြမ်း တွေကိုပဲ တင်သွင်းနိုင်ဖို့ အတွက် ရည်ရွယ်တာပါ'' ဟု ၄င်းက ဆက်လက် ပြောသည်။

နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ဇန်နဝါရီလ များအတွင်း မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် အစာကုန်ကြမ်း များကို ဝယ်ယူစုဆောင်း ရသည့် အချိန်ဖြစ်ပြီး ယင်းလများ အတွင်း အစာကုန်ကြမ်း ဈေးနှုန်းများ တည်ငြိမ်ကာ ပြည်တွင်း ဈေးကွက်အတွင်း ၌လည်း ပေါများ တတ်ကြောင်း သိရသည်။ (ထက်နေ)

မြ၀တီနေ့စဉ် ၊ စာ(၂၄)

#Themyawadydaily

ဒန့်သလွန်နှင့် ကျန်းမာရေး



ဒန့်သလွန်နှင့် ကျန်းမာရေး

ဒေါက်တာခင်မောင်လွင် (FAME) 

ဒန့်သလွန်ရွက်ကို မကြာခဏစားရင် ရရှိနိုင်တဲ့  ကျန်းမာရေး အကျိုးကျေးဇူး တွေကတော့ အများကြီး ဖြစ်ပါတယ်။ အရေးပါတဲ့ အကျိုးကျေးဇူးတွေ အနေနဲ့ကတော့..
  • (၁) အာဟာရချို့တဲ့ခြင်းကနေ ကာကွယ်ပေးခြင်း
  • (၂) ရောဂါပိုးများ နှိမ်နင်းနိုင်ခြင်း
  • (၃) ကင်ဆာရောဂါမှ ကာကွယ်ပေးခြင်း
  • (၄) သွေးတိုးနှင့် နှလုံးရောဂါများမှ ကာကွယ်ပေးခြင်း
  • (၅) ဆီးချိုသွေးချိုရောဂါ သက်သာစေခြင်း
  • (၆) အခြားအထွေထွေအာနိသင် တို့ပဲဖြစ်ပါတယ်

ဒန့်သလွန်ရွက်ဟာ အာဟာရဓာတ် မြင့်မားစွာ ပါတဲ့အတွက် မှန်မှန်စားခဲ့ရင်  အာဟာရဓာတ် မချို့တဲ့အောင် ကာကွယ်ပေးတဲ့ နေရာမှာ  များစွာ အထောက်အကူ ပြုပါတယ်။ သူ့မှာ ပါဝင်တဲ့ ပရိုတင်းဓာတ် တွေဟာ ကလေးသူငယ် တွေနဲ့  သက်ကြီးရွယ်အို တွေအတွက် များစွာ အကျိုးရှိလှ ပါတယ်။ ဒါ့ကြောင့်မို့ အခုအခါမှာ အာဟာရဓာတ် ချို့တဲ့တဲ့ နေရာတွေမှာ  ဒန့်သလွန်ပင်တွေ စိုက်ပျိုးပြီး လူတွေ စားသုံးဖို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က စတင်လုပ်ဆောင် နေပြီ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ Johns Hopkins University ရဲ့ လေ့လာတွေ့ရှိချက် အရ အာဖရိကမှာရှိတဲ့ အာဟာရ ချို့တဲ့မှုကို တိုက်ဖျက်ရာမှာ ဒန့်သလွန်ရွက်ဟာ အသင့်တော်ဆုံး လို့ ဆိုပါတယ်။ သဘာဝ သစ်သီးသစ်ရွက် တွေမှာ ကင်ဆာ မဖြစ်အောင်  ကာကွယ်တားဆီး နိုင်တဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်နေတယ် ဆိုတာ  သိပ္ပံပညာရှင်တွေ သိရှိဖော်ထုတ်ပြီး ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ ဒန့်သလွန်ရွက် ဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Asian Pacific Journal of Cancer Prevention ရဲ့ အဆိုအရ ဒန့်သလွန်ရွက်မှာ ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ် ပေးနိုင်တဲ့ Thiocarbamate ဆိုတဲ့ ဓာတ်ပစ္စည်းနဲ့ Isothiocyanate ဆိုတဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်ပြီး သူတို့ဟာ ကင်ဆာ မဖြစ်အောင် ကာကွယ် ပေးတယ်လို့ သိပ္ပံနည်းကျ လေ့လာတွေ့ရှိ ခဲ့ပါတယ်။ အထူးသဖြင့် Adenocarcinoma အမျိုးအစားကို ကာကွယ်ပေးတယ် လို့ဆိုပါတယ်။

ဒန့်သလွန်ရွက်ဟာ သွေးထဲမှာ ရှိတဲ့ အဆီပမာဏကို  လျှော့ချပေး နိုင်စွမ်းရှိပါတယ်။ သွေးထဲမှာရှိတဲ့  ကိုလက်စရောလ် ကိုချပေးတဲ့ အတွက် နှလုံးရောဂါ၊ သွေးတိုးရောဂါ ဝေဒနာသည်တွေ အတွက် အကျိုးရှိပါတယ်။ ဒါ့အပြင် သူက ဆီးရွှင်စေတဲ့ အာနိသင် (Diuretic effect) ရှိတဲ့အတွက် သွေးပေါင်ချိန် ကျစေဖို့ အထောက်အကူ ပြုပါတယ်။ ဒါ့ကြောင့် ဒန့်သလွန်ရွက်ကို သွေးပေါင်ကျ နေသူတွေ အနေနဲ့  များများမစားသင့် ပါဘူးလို့ ပညာရှင်တွေက အကြံပြု ထားပါတယ်။ အရွက် သာမကဘဲ ဒန့်သလွန်ပင်ရဲ့ကျန်အစိတ်အပိုင်း တွေဖြစ်တဲ့  အသီး၊ အစေ့၊ အခေါက်နဲ့ အမြစ်တွေ မှာလည်း အခုလို အာနိသင်တွေ ရှိပါတယ်။

အခြားကျန်းမာရေး အထောက်အကူပြု အကျိုးကျေးဇူး တွေလည်း  ရနိုင်ပါသေးတယ်။ အဲ့ဒီထဲက အရေးကြီးတာ တွေကိုပြောရရင်-
  • (၁) အသည်းရဲ့လုပ်ငန်းဆောင်တာ တွေ ပိုကောင်းစေပါတယ်။ အသည်းရောင်တာ၊ အသည်း ခြောက်တာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
  • (၂) အရောင်ကျစေတဲ့ အာနိသင်ရှိတော့ ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းတွေ  ရောင်တာကို လျော့နည်း စေပါတယ်။
  • (၃) အင်တီအောက်ဆီဒင့် အာနိသင် ပေးပါတယ်။
  • (၄) ကျောက်ကပ်မှာ ကျောက်မတည်အောင် ကာကွယ်ပေးပါတယ်။
  • (၅) အသက်ကြီးတဲ့ လူတွေမှာ မှတ်ဉာဏ်ချို့ယွင်းမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။
  • (၆) ပန်းနာရင်ကြပ်ကို သက်သာစေပါတယ်။

ဒန့်သလွန်ရွက်ဟာ ရေသေသေ ချာချာဆေးပြီး ဟင်းခါး လုပ်သောက်လေ့ ရှိတော့  သူ့မှာပါဝင်တဲ့ အာဟာရဓာတ် တွေ ဆုံးရှုံးမှု ရှိ/မရှိ  ပညာရှင်တွေ လေ့လာပြီးသား ဖြစ်ပါတယ်။ ဟင်းခါးကို ပထမအကြိမ် ချက်စဉ်မှာ အပူချိန်ကို ကြာကြာ မပေးဘဲ  ရေပွက်ပွက် ဆူပြီး (၁၀) မိနစ်လောက် အကြာမှာ စားမယ်ဆိုရင် အာဟာရဓာတ် အပြည့်အဝနီးပါး ရရှိပါတယ်။ ဆက်ပြီး အပူပေး ထားရင်တော့ အချို့သော အာဟာရဓာတ် တွေဟာ အပူကြောင့် ပျက်စီး သွားတတ်ပါတယ်။ ဥပမာ ဗီတာမင်စီ လိုမျိုးဟာ အပူပေးချိန် ကြာလေလေ ပိုပျက်စီးလေ ဖြစ်တော့ မီးဖိုပေါ်မှာ အကြာကြီး အပူမပေးသင့် ပါဘူး။ စားလို့ရတဲ့ အတိုင်းအတာ ကိုသာ အပူပေးသင့် ပါတယ်။ 

နောက်ပိုင်း ပြန်စားရင်လည်း ပွက်ပွက်ဆူတဲ့ အထိ အပူပြန် မပေးဘဲ စားလို့ကောင်းရုံ ခပ်နွေးနွေးသာ အပူပေးပြီး စားရပါမယ်။

ဒန့်သလွန်သီးဟာ ကျွန်တော်တို့နိုင်ငံမှာ ပေါပေါများများ ရရှိနိုင်ပြီး ဈေးနှုန်းလည်း ချိုသာတာကြောင့် အသက်အရွယ် မရွေး  မကြာခဏ စားသုံးပေးသင့်တဲ့ ကျန်းမာရေး အထောက်အကူပြု ဟင်းလျာတစ်မျိုး ဖြစ်ပါတယ်လို့ သတင်းကောင်း ပြောကြားပါရစေ။



=======================
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၁၄)ရက် စနေနေ့ နံနက် (၈း၂၀) နာရီမှ 
(၉း၃၀) နာရီအထိ ဒေါက်တာခင်မောင်လွင် (FAME) သည် 
မြဝတီကျန်းမာသုတအစီအစဉ်တွင် “ဒန့်သလွန်နှင့် ကျန်းမာရေး” 
အကြောင်းကို ပြောကြား ရိုက်ကူးပေးခဲ့ပါသည်.. အများပြည်သူ 
ကျန်းမာရေးဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ 
ဆရာ ဒေါက်တာခင်မောင်လွင် ပြောကြားခဲ့သည်များမှ
ဒန့်သလွန်အရွက်၊ အသီးတွင်ပါဝင်သောအနှစ်၊ အစေ့များမှ 
ရရှိနိုင်သည့် အာဟာရဓာတ်များနှင့်
ဆေးဖက်ဝင်ကျန်းမာရေးအကျိုးအာနိသင်များစသည့် 
အကြောင်းအရာတချို့ကို ရွေးချယ်ကောက်နုတ်တင်ပြလိုက်ပါသည်။
=====================
https://www.facebook.com/drkml.fame/?fref=photo

#Themyawadydaily

မရှိမဖြစ် ဖောလိပ်ခေါ် ဗီတာမင် B9



မရှိမဖြစ် ဖောလိပ်ခေါ် ဗီတာမင် B9

ဗီတာမင် B9 ဟာ သဘာဝအားဖြင့် (မပြုမပြင်) တွေ့ရသော မရှိမဖြစ် အာဟာရဓာတ် ဖြစ်သည်။ တစ်နည်း ဖောလိတ် (Folate) လို့ ခေါ်လေ့ရှိတယ်။ ဖောလိတ်ဟာ ခန္ဓာကိုယ ထဲမှာ ကလာပ်စည်း ကြီးထွားမှု နှင့် ဗီဇ DNA ဖွဲ့စည်းမှုမှာ အရေးကြီးတဲ့ ကဏ္ဍတစ်ခု အဖြစ် ပါဝင်တယ်။ ဒါ့ကြောင့် ဖောလိတ် ပမာဏ နည်းပါးချို့တဲ့လျှင် ပြင်းထန် ဆိုးဝါးသော ကျန်းမာရေး အခြေအနေ များစွာ ဖြစ်လာနိုင်တယ်။ ဥပမာ သွေးထဲမှာ ဟိုမိုစစ်စတင်း ပမာဏ မြင့်တက် လာခြင်းကြောင့် လေဖြတ်ရောဂါ နှင့် နှလုံးရောဂါ ဖြစ်နိုင်ခြေ မြင့်မားပါတယ်။

မိခင်လောင်းများ ပဋိသန္ဓေဆောင် နေစဉ် ဤ ဗီတာမင် B9 ချို့တဲ့ပါက မွေးလာမယ့် သန္ဓေသားမှာ အာရုံကြောမ ချွတ်ယွင်းချက် ရောဂါတွေ ပါလာနိုင်တယ်။ ကင်ဆာရောဂါ တွေလည်း ဖြစ်လာနိုင် ပါတယ်။ ဖောလ်တ် ပမာဏ နည်းလျှင် ကင်ဆာ အမျိုးမျိုး ဖြစ်လာနိုင် တာမို့ ဖောလိတ် ကြွယ်ဝတဲ့ နံနံပင် ၊ မြန်မာနံနံ ၊ တရုတ်နံနံပင် နဲ့ ပဲနီလေး ၊ ဟင်းနုနွယ် ၊ ပဲ အမျိုးမျိုး ၊ မုန်လာဥဖြူ ၊ ဘရိုကိုလီ စသည်တို့ပါအောင် စားပေးသင့်ကြောင်း လေ့လာ ရေးသား လိုက်ရပါတယ်။ (Healthcare Asia)

#Themyawadydaily

သံလွင်ဆီ၏ ကျန်းမာရေး အကျိုးကျေးဇူးများ



သံလွင်ဆီ၏ ကျန်းမာရေး အကျိုးကျေးဇူးများ

သံလွင်သီး ( Olive ) မှာ အဆီ ၊ ဗီတာမင်များ ၊ သတ္တုဓာတ်များ ( အထူးသဖြင့် ကယ်လ်ဆီယမ် နှင့် ပိုတက်ဆီယမ် ) ကြွယ်ဝစွာ ပါဝင်တယ်။ ရှေးလူတွေမှာ ရာစုနှစ်ပေါင်း များစွာ ကျန်းမာရေး အကျိုးကျေးဇူးများ ရရှိတာကတော့ သံလွင်ဆီ ( Olive Oil ) ကြောင့်ပဲ ဖြစ်တယ်။ မကြာသေးမီ ကာလက Crete နှင့် မြေထဲပင်လယ် ဒေသနိုင်ငံ များမှာ ဆောင်ရွက်ခဲ့တဲ့ လေ့လာမှု အများအပြားမှာ သံလွင်ဆီ က နှလုံး နှင့် သွေးကြော ဆိုင်ရာရောဂါ နှင့် ရင်သားကင်ဆာ အန္တရာယ် ကို လျော့နည်း စေကြောင်း တွေ့ရှိခဲ့တယ်။ သံလွင်သီး သို့မဟုတ် သံလွင်ဆီ ကနေ ကျန်းမာရေး အကျိုးကျေးဇူး တွေကတော့
  • ခံတွင်းကောင်းစေတယ်
  • ၀မ်းနုတ်ဆေး တစ်လက်ဖြစ်တယ်
  • သွေးပေါင်ချိန် ကျစေတယ်
  • ကိုလက်စထရောလ် "ဆိုး" (LDL) ပမာဏ ကျစေတယ်
  • ကိုလက်စထရောလ် "ကောင်း" (HDL) ပမာဏ တိုးစေတယ်
  • နှလုံးနှင့် သွေးကြောရောဂါ မဖြစ်အောင် ကာကွယ်ပေးတယ်
  • ရင်သားကင်ဆာ အန္တရာယ် လျော့ပါးစေတယ်
စသည်တို့ ဖြစ်ကြောင်း လေ့လာ ရေးသား လိုက်ရပါတယ်။

(The Very Best Heallig Foods)

#Themyawadydaily

တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် စတင်ဖွင့်လှစ်



တောင်ကြီး ၊ ၁၉-၁၁-၂ဝ၁၅

၂ဝ၁၅ ခုနှစ် ရှမ်းပြည်နယ် တောင်ကြီးမြို့ တန်ဆောင်တိုင် ပွဲတော်ကို ယမန်နေ့ ညနေ ၅ နာရီခွဲတွင် တောင်ကြီးမြို့ အဝေရာ ကုန်းသာယာ မီးပုံးပျံကွင်း၌ စတင်ဖွင့်လှစ် လိုက်ပြီဖြစ်သည်။ ဖွင့်ပွဲတွင် စုဠာမုနိ လောကချမ်းသာ ဘုရားရင်ပြင်တော် ပေါ်၌ စိန်နားပန် မီးပုံးပျံ တစ်လုံးကိုလည်း လွှတ်တင်ပူဇော် ခဲ့ကြသည်။

အခမ်းအနားသို့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အေးဝင်း နှင့်ဇနီး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ တိုင်းရင်းသား ရေးရာ ဝန်ကြီးများ၊ ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ အကအဖွဲ့များနှင့် ဧည့်ပရိသတ်များ တက်ရောက် ကြသည်။

၂ဝ၁၅ ခုနှစ် တန်ဆောင်တိုင် ပွဲတော်ကို တန်ဆောင်တိုင် ပွဲတော် ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း နှင့် မီးပုံးပျံပြိုင်ပွဲ ဖွင့်ပွဲပိတ်ပွဲ ကျင်းပရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ် လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးစိုင်းထွန်းရင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ကြသည်။

ထို့နောက် ရှမ်းပြည်နယ် ယဉ်ကျေးမှု အဖွဲ့က ကိန္နရီကိန္နရာ အက၊ ဓားသိုင်းအက တို့ဖြင့်ကပြ ဖျော်ဖြေပြီး တောင်ကြီး ပညာရေး ကောလိပ်ကျောင်းမှ သင်တန်းသူ လေးများ၊ ရှမ်းပြည်နယ် တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့များနှင့် ကျောင်းသား၊ ကျောင်းသူ လေးများက မီးပုံးလေး များဖြင့် ရှမ်းပြည်နယ် ကိုယ်စားပြု ရှမ်းအလံ၊ ရှမ်းအိုးစည်၊ မီးပုံးပျံ လွှတ်တင် ပုံဖော်ခြင်း တို့ဖြင့် သရုပ်ဖော် ကပြကြသည်။

၎င်းနောက် တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံ လွှတ်တင်ပွဲတော် ကို တန်ဆောင်တိုင် ပွဲတော် ကျင်းပရေး ဦးစီးကော်မတီ နာယက ရှမ်းပြည်နယ် ဝန်ကြီးချုပ် (ကိုယ်စား) ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးအောင် က စက်ခလုတ်နှိပ်၍ မီးရှူးမီးပန်း များ ပစ်လွှတ်ဖွင့်လှစ် ပေးပြီး စိန်နားပန် မီးပုံးပျံ အကြီး လေးလုံး လွှတ်ခြင်း ၊ ဖွင့်ပွဲပိတ်ပွဲ ကော်မတီ မှ နှစ်လုံး၊ မာဃမြစ် ကုမ္ပဏီမှ တစ်လုံး၊ ကျိုင်းတုံ စွမ်းအင် ကုမ္ပဏီမှ တစ်လုံးနှင့် မီကို ကော်ဖီမစ် မှ မီးပုံးပျံငယ် ၁၅ဝဝ လွှတ်တင် ကြကြောင်း သိရသည်။ (၄၀၅)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

ရန်ကုန်မြစ်အတွင်း နိုင်ငံတကာသင်္ဘောကြီးများ ၀င်ရောက်မှု များပြားလျက်ရှိ



ရန်ကုန် ၊ ၁၉-၁၁-၂၀၁၅

ရန်ကုန်မြို့ကြီး သည် နိုင်ငံတကာ နှင့်ကုန်စည် သွက်လက် မြန်ဆန်စွာ သယ်ယူပို့ဆောင် ပေးနေသော ဆိပ်ကမ်းကြီး များစွာ တည်ရှိရာ မြို့ကြီးဖြစ်၍ ရန်ကုန်မြစ် အတွင်းတွင်လည်း နိုင်ငံတကာမှ နိုင်ငံကူး သင်္ဘောကြီး အမြောက်အမြား ဝင်ထွက် သွားလာလျက် ရှိကြောင်း သိရသည်။

ဗိုလ်တထောင် ဘုရားကမ်းခြေ နှင့် ဒလမြို့ဘက် သမ္မတ ကမ်းခြေအကြား ရန်ကုန် မြစ်ကြောင်းတွင် ယမန်နေ့ နံနက် ၈ နာရီ က ကုန်သေတ္တာများ တင်ဆောင်ပြီး ဝင်ရောက်လာသော နိုင်ငံကူး သင်္ဘောကြီး များကို ကျောက်ချ ရပ်နားနိုင်ရန် အတွက် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တွဲဆွဲရေယာဉ် များ အသုံးပြု၍ ရေကြောင်းပြ လိုအပ်ချက် အရ နေရာတည့်မတ် တွန်းပို့နေကြောင်း သိရသည်။

မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာန်ဝန်ရှိသူ ဦးအောင်ရွှေ က ''ရေသေရက် ဆိုရင် သင်္ဘောတွေက မလည်နိုင်ဘူး။ အဲသလို မလည်နိုင်တဲ့ သင်္ဘောတွေကို ရေကြောင်းပြ လိုအပ်ချက်အရ အဲဒီတွဲဆွဲ ရေယာဉ်တွေကို အသုံးပြု ပြီး တွန်းလှည့် နေရာချထား ပေးရပါတယ်။ အဓိက က သင်္ဘောကြီးတွေ ကျောက်ချမယ့်၊ ပြန်ထွက်မယ့် အခါမျိုးမှာ ဆောင်ရွက်ပေး ရတာပါ'' ဟု ပြောပြသည်။

''အခုတလော မြစ်အတွင်း နိုင်ငံတကာက သင်္ဘောကြီးတွေ အဝင်အထွက် များတယ်။ ကျောက်ချ ရပ်နားမယ့်၊ ပြန်လည် ထွက်ခွာမယ့် သင်္ဘောကြီး တွေကို ဆိပ်ကမ်းက တွန်းရေယာဉ် တွေနဲ့ နေရာချပေး နေတာကိုလည်း အမြဲတွေ့ နေရတယ်'' ဟု သမ္မတဆိပ်ကမ်း စက်သမ္ဗန်ဆိပ် ဥက္ကဋ္ဌ ဦးသန်းငြိမ်း က ပြောသည်။

ရန်ကုန်မြစ်ကမ်း တစ်လျှောက်တွင် သန်လျင်မြို့နယ်ရှိ သီလဝါ ဆိပ်ကမ်းနှင့် ရန်ကုန်ကမ်းခြေ ရှိ M.P.E ဆိပ်ကမ်းဗော်ရာ၊ ဗိုလ်အောင်ကျော်၊ ဆူးလေ၊ မြန်မာ့စက်မှု ဆိပ်ကမ်း (MIP) ၊ဗားဂရာနှင့် အေးရှားဝေါလ် စသည့် ဆိပ်ကမ်းကြီးများ ရှိပြီး မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တွင် နတ်မင်း (မီးသတ်တွဲဆွဲ) နှင့် မာန်အောင်(၃)၊ နတ်သား(၁)၊ နတ်သား(၂)၊ ဟိုင်းကြီး၊ တေဇ၊ ဟေမ၊ ကုန်ဘောင် စသည့် တွဲဆွဲရေယာဉ် များရှိကြောင်း သိရသည်။ (သန်းဌေး-ဒလ)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

မိုင်းရှူး-တန့်ယန်း သွား ကားလမ်းဘေးတွင် လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲမှုဖြစ်ပွား


မိုင်းရှူးမြို့ အတွက် နတ်စင်အနီး ရေမြောင်းအတွင်းမှ တွေ့ရှိသော ပလတ်စတစ် လက်ပစ်ဗုံး

နေပြည်တော် ၊ ၁၉-၁၁-၂၀၁၅

ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းရှူးမြို့၊ အမှတ်(၄) ရပ်ကွက်ရှိ မိုင်းရှူး- တန့်ယန်းသွား ကားလမ်းပေါ်တွင် နိုဝင်ဘာ ၁၇ ရက် ည ၁၁ နာရီခွဲခန့်တွင် လက်ပစ်ဗုံး တစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ၊ အဆောက်အအုံ ထိခိုက်မှု မရှိကြောင်း သိရှိရသည်။

ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာသို့ တပ်မတော်သား များနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း ရှင်းလင်းစဉ် ယမန်နေ့ နံနက် ၇ နာရီခွဲ ခန့်တွင် မိုင်းရှူးမြို့ အထွက် နတ်စင်အနီး ရေမြောင်း အတွင်းမှ ပလတ်စတစ် လက်ပစ်ဗုံး တစ်လုံးအား ထပ်မံ တွေ့ရှိခဲ့ပြီး တပ်မတော် အင်ဂျင်နီယာ တပ်ဖွဲ့မှ စနစ်တကျ ရှင်းလင်းဖယ်ရှား ဖျက်ဆီး ခဲ့သည်။

ပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ တရားခံ ဖော်ထုတ် ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့ဝင် များနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

Yangon Stock Exchange scheduled to be opened on Dec 9


The future home of the Yangon Stock Exchange is seen on a sunny day in Myanmar.

Yangon November 19

Asia Green Development Bank (AGD), Myanmar Agribusiness Public Corporation and First Myanmar Investment Co (FMI) are likely to be the first to sell stocks when Yangon Stock Exchange is opened.

The Central Bank of Myanmar requires the stock transactions to be done in local currency kyat. Though there is no limitation on the amount of transactions, irregular bulk transactions will be monitored, announced the Ministry of Finance.

The Yangon Stock Exchange is scheduled to come into operation in December with around six companies, said Deputy Finance Minister Maung Maung Thein. He said the names of the listed companies allowed for operation and also the date of the launch of share sale will be announced on the opening day of the stock exchange.

He said the Yangon Stock Exchange, first of its kind in Myanmar, will be opened on schedule despite the fact that the term current government is expiring and the next government comes to power next March. (443)

The Myawady Daily, Page(19)

" ရှင် " စာပေနှင့်အနုပညာဂျာနယ် အတွဲ(၃) အမှတ်(၄၃)



" ရှင် " စာပေနှင့်အနုပညာဂျာနယ် အတွဲ(၃) အမှတ်(၄၃)

Download Link = Mediafire

Digital Life ( Vol-4, No-29 )



Digital Life ( Vol-4, No-29 )

Download Link = Mediafire

တတိယအကြိမ်မြောက် သစ်ခွပြိုင်ပွဲနှင့် ပထမအကြိမ် ပန်းမန်ပြိုင်ပွဲ ကျင်းပမည်


ရန်ကုန် ၊ ၁၉-၁၁-၂၀၁၅

မြန်မာနိုင်ငံ ပန်းဝါသနာရှင်များ အသင်းနှင့် မြန်မာ့သစ်ခွ ချစ်သူများ၊ မြန်မာအလှ စိုက်ပင် ချစ်သူများ၊ မြန်မာ့ပန်းအလှ ဒီဇိုင်းတို့မှ ကြီးမှူး၍ တတိယ အကြိမ်မြောက် သစ်ခွပြပွဲ၊ ပြိုင်ပွဲနှင့် ပထမအကြိမ် ပန်းမန်ပြပွဲကို ဒီဇင်ဘာ ၁၂ ရက်တွင် ရန်ကုန်မြို့ မြန်မာနိုင်ငံ ပန်းဝါသနာရှင်များ အသင်းရုံး ပြည်သူ့ရင်ပြင် ဝါးရွှေဝါလမ်း (နက္ခတာရာ ပြခန်းဘက်) ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

''အခုပြိုင်ပွဲကို စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမှာပါ။ သစ်ခွပြိုင်ပွဲ ကတော့ ဒီနှစ်နဲ့ဆို သုံးကြိမ်မြောက် ပြသမှာဖြစ်ပြီး ပန်းမန်အလှ ပြိုင်ပွဲကတော့ ပထမဆုံး ကျင်းပတာပါ။ ဒါ့အပြင် ဒီပွဲမှာ အဆင့်မြင့် ပန်းအလှပြုပြင် သင်တန်းဆင်းပွဲ ကိုပါ ပြုလုပ် သွားမှာပါ။ ပြိုင်ပွဲဝင်မယ့် လူတွေ အနေနဲ့ကတော့ ကိုယ်တိုင် စိုက်ပျိုးပြီး ယှဉ်ပြိုင် တာလား၊ ဝယ်ယူပြီး ယှဉ်ပြိုင်တာလား ဆိုတာကိုတော့ စစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုတွေ ပြုလုပ်ပြီးမှသာ ဝင်ပြိုင်မှုတွေ ပြုလုပ်ရမှာပါ။ စစ်ဆေးရေး အဖွဲ့က ပယ်ချတဲ့ အပင်တွေကို ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ လက်ခံသွားမှာ မဟုတ်ပါဘူး'' ဟု ပြိုင်ပွဲ ကျင်းပရေးမှ အမှုဆောင် ကိုသန့်စင်အေး က ပြောသည်။

ပြိုင်ပွဲတွင် ခေါင်းစဉ်ပေါင်း ၁၅ ခုရှိပြီး ပြိုင်ပွဲဝင်မည့် အပင်များ ကိုလည်း ဒီဇင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီမှ ညနေ ၆ နာရီခွဲ အထိ လက်ခံမည် ဖြစ်ပြီး ဒီဇင်ဘာ ၁၂ ရက် နံနက် ၉ နာရီမှ ၁ဝ နာရီအထိ ပြုပြင်ယှဉ်ပြိုင် ရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲ ခေါင်းစဉ် တစ်ခုချင်း အလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများ ချီးမြှင့်မည့်အပြင် သစ်ခွပင်များ အနေဖြင့် အကောင်းဆုံး မျိုးရင်း သစ်ခွဆုနှင့် အကောင်းဆုံး စပ်မျိုးသစ်ခွဆု များကိုလည်း ချီးမြှင့်ပေးမည် ဖြစ်ကာ ပြိုင်ပွဲခေါင်းစဉ် အားလုံးအတွက် အကောင်းဆုံး အပင်ဆု တို့ကိုလည်း ဆက်လက် ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။ (သီရိ)

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

ရန်ကုန်မြို့၌ စည်းကမ်းမဲ့ ကွမ်းတံတွေးများ မထွေးရန် ပညာပေးအစီအစဉ် အနေဖြင့် ကွမ်းတံတွေးထွေးသည့် အိတ်များကို ရောင်းချပေးလျက်ရှိ



ရန်ကုန် ၊ ၁၉-၁၁-၂၀၁၅

ရန်ကုန်မြို့၌ စည်းကမ်းမဲ့ ကွမ်းတံတွေးများ မထွေးရန် ပညာပေး အစီအစဉ်တစ်ခု အနေဖြင့် ကွမ်းတံတွေး ထွေးသည့် အိတ်များကို ရောင်းချ ပေးလျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိ ရန်ကုန်မြို့၏ အခြေအနေမှာ တိုက်နံရံနှင့် လမ်းမများ၌ စည်းကမ်းမဲ့ ကွမ်းတံတွေးများ တွေ့မြင် နေရသည့်အတွက် မြို့တော်သာယာ သန့်ရှင်းစေရန် ရည်ရွယ်ပြီး ပညာပေး လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ကွမ်းယာဆိုင် များကို တစ်အိတ်လျှင် ၁၂ ကျပ်နှုန်းဖြင့် အိတ်ပေါင်း ကိုးသောင်းခွဲ ခန့်ကို ဖြန့်ချိထားပြီး ကွမ်းတံတွေး အိတ်ပေါင်း တစ်သိန်းခွဲခန့် ထုတ်လုပ်ဖြန့်ဝေ သွားရန် စီစဉ်ထားကြောင်း သိရသည်။

ကွမ်းတံတွေးအိတ် များကို ရန်ကုန်မြို့ အနှံ့၌ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက် ရှိပြီး ဘတ်စ်ကားဂိတ် များ၌ထားရှိသည့် ကွမ်းတံတွေးပုံး များသို့ စွန့်ပစ်နိုင်ကြောင်း၊ စည်ပင် သာယာရေး ဥပဒေတွင် စည်းကမ်းမဲ့ ကွမ်းတံတွေး ထွေးခြင်းကို အရေးယူ ရသော်လည်း လက်ရှိတွင် အရေးယူနိုင်ရန် အစီအစဉ် မရှိသေးကြောင်း ပညာပေး အနေဖြင့်သာ လုပ်ဆောင်လျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။

အဆိုပါ ပညာပေး အစီအစဉ်ကို ယခုနှစ် ဇူလိုင် ၁၅ ရက်မှ စတင်ဆောင်ရွက် ခဲ့သော်လည်း ကွမ်းယာဆိုင် တော်တော်များများ နှင့် လူထုအကြား ပျံ့နှံ့ခြင်း မရှိသေး သည်ကို တွေ့ရသည့် အတွက် ယင်း အစီအစဉ်ကိုတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်လက် လုပ်ဆောင်သွားရန် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

ကျန်းမာရေးအသိဖြင့် စားသောက်သွားလာနေထိုင်ပါ


ကျန်းမာရေးအသိဖြင့် စားသောက်သွားလာနေထိုင်ပါ

ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး ဟု ဆိုထားသည်။ လူတစ်ဦးတွင် ခန္ဓာငါးပါး၊ ရုပ်၊ နာမ်နှစ်ပါး ရှိရာ၌ ကိုယ်ခန္ဓာ ကျန်းမာရန် လိုအပ်သကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာခြင်း သည်လည်း အထူး လိုအပ်လှသည်။ ထို့ကြောင့် လူတစ်ဦး တစ်ယောက် အတွက် ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာမှ လိုရာဆန္ဒ ပြည့်ဝနိုင်မည် ဖြစ်သည်။

စိတ်ကျန်းမာရေး တွင် နေထိုင်နည်း အနှစ်စကားမှာ 'ယောနိသောမန သိကာရ' ကြုံလာသမျှ လောကဓံကို အသင့်အတင့် နှလုံးသွင်းသည့် စိတ်ထားနိုင်ခြင်း ဖြစ်သည်။ လောဘ၊ ဒေါသ၊ မောဟ အမိုက်တရား များနှင့် ထိတွေ့ ကြုံလာရချိန် တွင်လည်းကောင်း၊ ဒါန၊ သီလ၊ ဘာဝနာတရား များ၏ အကျိုးကျေးဇူး များနှင့် ပီတိ သောမနဿ ဖြစ်နေချိန်တွင် လည်းကောင်း ထိုထိုသော လောကဓံ အဆိုး၊ အကောင်းများ ပေါ်တွင် လွန်လွန်ကျူးကျူး မခံစားဘဲ 'ယောနိသော မနသိကာရ' မယုတ်မလွန် အသင့်အတင့် နှလုံးသွင်းကာ ကျင့်ကြံနေထိုင် တတ်မှုသည် စိတ်ကျန်းမာရေး ၏ အခြေခံ လိုအပ်ချက် တစ်ရပ်ဖြစ်သည်။

ရုပ်ခန္ဓာအိမ် ကျန်းမာရေးတွင် ကံသုံးပါးက ကြီးစွာ အထောက်အကူ ဖြစ်စေသည်။ ထိုကံသုံးပါး တွင် ကျိုးကြောင်းဆင်ခြင် ပညာဉာဏ်ဖြင့် ပိုင်းခြားဝေဖန် ကျင့်ကြံတတ် ပါက ရုပ်ကျန်းမာရေး တွင် အင်အားကြီး တစ်ရပ် ဖြစ်စေသည်။ 'အစားမတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်း' ဟု ဆိုထားရာ အသက်အရွယ် ရလာချိန်၊ ဘဝ နေညိုချိန်တွင် အစားအသောက်၊ အနေအထိုင်၊ အသွားအလာ အထူး သတိထား ကြရမည် ဖြစ်သည်။

ကျန်းမာခြင်းနှင့် ပတ်သက်လျှင် 'အတ္တာဟိ အတ္တနော နာထော' မိမိကိုယ်မှ အပ ကိုးကွယ်ရာ မရှိ ဟူသည့် တရားမြတ်နှင့် အညီ မိမိ၏ ဉာဏ်သတိ နှင့်ယှဉ်၍ နေထိုင် စားသောက်တတ် မှုက အဓိကဖြစ်သည်။ မဆင်မခြင် ဖြစ်မိလျှင်လည်း ကိုယ်ဖြစ်ကိုယ်ခံ ကြရမည်သာ ဖြစ်သည်။

ကျန်းမာရေး စောင့်ရှောက်မှုတွင် ထိုသို့ဂရုမူ ရမည် ဖြစ်သကဲ့သို့ နိုင်ငံတော် အနေဖြင့်လည်း ကျန်းမာရေး စောင့်ရှောက်မှု များကို ဆောင်ရွက် ပေးလျက် ရှိသည်။ နိုင်ငံတော်က ဖွင့်လှစ်ပေး ထားသော ဆေးရုံ၊  ဆေးခန်းများ အပြင် ရောဂါမဖြစ်ခင် ကြိုတင်တား၍ ရသည့် ကျန်းမာရေး အာမခံ လုပ်ငန်းများကိုပါ ဆောင်ရွက်ပေး နေပြီ ဖြစ်သည်။

ကမ္ဘာတစ်ဝန်း ကျန်းမာရေး စောင့်ရှောက်မှုတွင် စင်ကာပူ နိုင်ငံသည် ထိပ်ဆုံးတွင် ရှိနေသည်။ ထိုသို့ ရှိနေခြင်းသည် နိုင်ငံသားများ၏ ကျန်းမာရေး အတွက် အင်တိုက် အားတိုက် ရင်းနှီးမြှုပ်နှံခြင်း၊ ပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေး နိုင်ခြင်း တို့ကြောင့်ဟု ဆိုထားသည်။ မြန်မာနိုင်ငံ အနေဖြင့် ထိုသို့သော အနေအထားသို့ ရောက်ရှိစေရန် ပံ့ပိုးကူညီမှု များဖြင့် အားကြိုးမာန်တက် ဆောင်ရွက် ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ ကျန်းမာရေး အတွက် နိုင်ငံတော် အနေဖြင့် ကျန်းမာရေး အာမခံ လုပ်ငန်းများ အောင်မြင်စေရန် ဆောင်ရွက်ပေး နေကြ သကဲ့သို့ ပြည်သူ တစ်ဦးချင်း၊ တစ်ယောက်ချင်း ကလည်း မိမိတို့၏ ကျန်းမာရေး အတွက် စားသတိ၊ သွားသတိ၊ နေသတိ တို့ဖြင့် ကျန်းမာရေး အသိနှင့် ယှဉ်၍ ကျင့်ကြံနေထိုင် သွားကြမည် ဆိုလျှင် ကြီးစွာသော လာဘ်ကြီး တစ်ပါးကို ရရှိခံစား ကြရမည် ဖြစ်ပါကြောင်း တိုက်တွန်းရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

ပြည်သူ့အရေးဂျာနယ် အတွဲ(၂) အမှတ်(၅၉)



ပြည်သူ့အရေးဂျာနယ် အတွဲ(၂) အမှတ်(၅၉)

Download Link = Mediafire

မြ၀တီနေ့စဉ်သတင်းစာ (၁၉-၁၁-၂၀၁၅) ကြာသပတေးနေ့



မြ၀တီနေ့စဉ်သတင်းစာ (၁၉-၁၁-၂၀၁၅) ကြာသပတေးနေ့

Download Links


ရတနာပုံနေ့စဉ်သတင်းစာ (၁၉-၁၁-၂၀၁၅) ကြာသပတေးနေ့



ရတနာပုံနေ့စဉ်သတင်းစာ (၁၉-၁၁-၂၀၁၅) ကြာသပတေးနေ့

Download Links


Related Posts Plugin for WordPress, Blogger...