Pages

Thursday, December 11, 2014

ဥရောပသမဂ္ဂ (EU) သို့ တင်ပို့နေသော မြန်မာ့ရေထွက်ကုန် ပစ္စည်းများ ပဋိဇီဝ ဓာတုဆေးဝါးများ ပါရှိမှု စစ်ဆေးခြင်း ယခုလမှစတင်ကာ ကင်းလွတ်ခွင့် ရရှိ



ရန်ကုန် ၊ ၁၁-၁၂-၂၀၁၄

ဥရောပသမဂ္ဂ (EU) သို့ တင်ပို့နေသော မြန်မာ့ ရေထွက်ကုန် ပစ္စည်းများ ပဋိဇီဝ ဓာတုဆေးဝါး များပါရှိမှု စစ်ဆေးခြင်း ယခုလမှ စတင်ကာ ကင်းလွတ်ခွင့် ရရှိပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရေထွက် ပစ္စည်း ထုတ်လုပ်သူ များနှင့် ပို့ကုန် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

ယခင်က ရေထွက် ပစ္စည်းများကို EU နိုင်ငံများသို့ တင်ပို့ ရောင်းချရာတွင် ဓာတုဆေးဝါး ပါဝင်မှု ရှိ - မရှိ ရာနှုန်းပြည့် စစ်ဆေးသည့် အတွက် လုပ်ငန်းရှင်များ အနေဖြင့် ငွေကုန်ကြေးကျ ပိုမို များပြားပြီး အချိန် ကြန့်ကြာမှု များလည်း ဖြစ်ပေါ် ခဲ့ရသည်ဟု လုပ်ငန်းရှင် များက ပြောပြသည်။

ယခုကဲ့သို့ ကင်းလွတ်ခွင့် ပေးလိုက်သည့် အပေါ် ပြည်တွင်း လုပ်ငန်းရှင်များ အနေဖြင့်လည်း ယုံကြည်မှု ပျက်ပြား စေနိုင်သည့် လုပ်ရပ်များ မပြုလုပ်ရန် လိုအပ်ကြောင်း ရေထွက်ပစ္စည်း ပို့ကုန် လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိ သူများက သတိပေး ပြောကြား ထားသည်။

''ပြီးခဲ့တဲ့လတွေ ကတည်းက ကင်းလွတ် ခွင့်ပြုပေးဖို့ ပါပဲ။ အခုလ ကစပြီး မစစ်ဆေး တော့ဘူးလို့ အသိပေး လာပါတယ်။ အခုလို စစ်ဆေးတာကို ကင်းလွတ်ခွင့် ပေးလိုက်တယ် ဆိုတော့ ကိုယ့်နိုင်ငံကို ယုံကြည်မှု ရှိလာပြီလို့ ဆိုရမှာပါ။ သူတို့ဘက်က မစစ်တော့ဘူး ဆိုတဲ့ အခါမှာ ကိုယ့်ဘက်က မှန်ကန်ဖို့ လိုပါတယ်။ ပြည်တွင်းက တင်ပို့တဲ့ လုပ်ငန်းရှင် တွေကို စစ်ဆေးမယ့် အဖွဲ့ ပြည်တွင်းမှာ ထားရှိဖို့ လိုပါတယ်။ ဒါပေမဲ့ လုပ်ငန်းရှင် အချင်းချင်း စစ်ဆေး တာထက် အစိုးရအဖွဲ့တွေ ပါဝင်တဲ့ အဖွဲ့တစ်ခု ထားရှိပြီး စစ်ဆေး တာက ပိုသင့်တော် လိမ့်မယ်။ ကိုယ့်ဘက်က မှားယွင်းခဲ့လို့ EU က ထားရှိတဲ့ ယုံကြည်မှု ပျက်သွားရင် မကောင်းဘူး ... '' ဟု ရေထွက်ပစ္စည်း ပို့ကုန် လုပ်ငန်းရှင် တစ်ဦးက ပြောပြ၍ သိရသည်။

ကျော်လွင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment