Pages

Thursday, December 11, 2014

ကျောက်ဖြူတွင် မိုးလေ၀သ ရေဒါတပ်ဆင်မှု ၄၀ ရာခိုင်နှုန်း ပြီးစီး


ကျောက်ဖြူ ၊ ၁၁-၁၂-၂၀၁၄

မိုးလေဝသနှင့် မုန်တိုင်း ဖြစ်ပေါ်နိုင်သည့် အခြေအနေ များကို အတိအကျ သိရှိနိုင်သည့် မိုးလေဝသ ရေဒါ တပ်ဆင်မှုကို ကျောက်ဖြူမြို့ တွင် ဆောင်ရွက်လျက် ရှိရာ လက်ရှိ အချိန်တွင် ၄ဝ ရာခိုင်နှုန်း တပ်ဆင် ပြီးစီး နေပြီဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး ၏ ပြောပြချက် အရ သိရသည်။

''ကျောက်ဖြူမှာ တပ်ဆင်နေတဲ့ မိုးလေဝသ ရေဒါက ၂ဝ၁၅ ခုနှစ် မကုန်ခင်မှာ စတင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာတော့ တပ်ဆင်မှု အပိုင်းက ၄ဝ ရာခိုင်နှုန်း ပြီးစီးနေပါပြီ။ အမြင့် အနေနဲ့က မီတာ ၄ဝ ရှိပါတယ်။ မန္တလေးမှာ တပ်ဆင်မယ့် ရေဒါကတော့ အမြင့် ၅ဝ ရှိမှာ ဖြစ်ပါတယ်။ ကျောက်ဖြူက ပြီးသွားရင် ရန်ကုန် နဲ့ မန္တလေးမှာ မိုးလေဝသ ရေဒါတွေကို တပ်ဆင် သွားမှာပါ ... '' ဟု ၄င်းက ဆက်လက် ပြောပြသည်။

မိုးလေဝသ ရေဒါကို ကျောက်ဖြူမြို့တွင် ပထမဦးဆုံး တပ်ဆင်ရခြင်းမှာ မြန်မာနိုင်ငံ အတွင်းသို့ မုန်တိုင်း ဝင်ရောက်လာလျှင် ရခိုင် ကမ်းရိုးတန်း တစ်လျှောက်မှ ဝင်ရောက် လာသော မုန်တိုင်း အရေအတွက်မှာ ၉၅ ရာခိုင်နှုန်း ဖြစ်သောကြောင့် မုန်တိုင်း အခြေအနေကို မြန်မြန် သိရှိစေရန် မိုးလေဝသ ရေဒါကို ပထမဦးဆုံး အကြိမ် တပ်ဆင်ခြင်း ဖြစ်သည်။ ရန်ကုန်မြို့တွင် စတင် တပ်ဆင်နေသော မိုးလေဝသ ရေဒါကို ၂ဝ၁၆ ခုနှစ်တွင် စတင် အသုံးပြုနိုင်မည် ဖြစ်ပြီး မန္တလေးမြို့တွင် တပ်ဆင်မည့် ရေဒါကို ၂ဝ၁၇ ခုနှစ်တွင် စတင် အသုံးပြုနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံ အတွင်း၌ မိုးလေဝသ ရေဒါ တပ်ဆင်မှုကို ဂျပန်နိုင်ငံ မှ ကူညီဆောင်ရွက် တပ်ဆင်ပေးခြင်း ဖြစ်ကြောင်း၊ မိုးလေဝသ ရေဒါများသည် မိုးလေဝသ အခြေအနေ များကို နာရီဝက် (သို့မဟုတ်) တစ်နာရီ ကြိုတင်၍ ခန့်မှန်းချက်များ ထုတ်ပြန် သွားမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment